မွန်ပြည်သစ်ပါတီ NMSP နှင့် စစ်အစိုးရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC တို့ ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့ နေပြည်တော်တွင် ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ NMSP ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းက NSPNC အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့သည်ဟု စစ်အစိုးရက ထုတ်ပြန်ထားသည်။
ငြိမ်းချမ်းရေးတည်ဆောက်သည့် နေရာတွင်လည်း စေတနာမှန်ကန်မှု၊ နိုင်ငံရေးဆန္ဒနှင့် စိတ်ရှည်သည်းခံမှုတို့နှင့်သာ တည်ဆောက်နိုင်ရေးနှင့် ဖြေလျှော့မှုများကို ပြုလုပ်ပေးနိုင်ရေးလည်း မွန်ပြည်သစ်ပါတီ NMSP က တင်ပြခဲ့သည်။

၎င်းပြင် မွန်ပြည်သစ်ပါတီ NMSP က ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ မွန်စာပေသင်ကြားရေး ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးဝါးအထောက်အပံ့ရရှိရေး၊ အတည်ပြုမွေးစာရင်းထုတ်ပေးနိုင်ရေး၊ လမ်း၊ တံတား ဆောက်လုပ်ပေးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် အပြန်အလှန် ပေါင်းစပ်ဆောင်ရွက်နိုင်ရေးကိစ္စများ တင်ပြဆွေးနွေးခဲ့သည်ဟု ဆိုသည်။
လတ်တလော စစ်တပ်က မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည့်ကိစ္စနှင့် စစ်ကြောင်းထိုးရန် လုပ်ဆောင်နေသည့်ကိစ္စကိုတော့ မွန်ပြည်သစ်ပါတီဘက် ဆွေးနွေးတင်ပြခဲ့ခြင်း ရှိ၊ မရှိကိုတော့ ထုတ်ပြန်ထားခြင်း မရှိပေ။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေဘက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့သည့်အပြင် လတ်တလောတွင်လည်း စစ်ကြောင်းထိုးရန် လုပ်ဆောင်နေသည်။
စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းအရာ အသေးစိတ်ကို သိရှိနိုင်ရန် မွန်ပြည်သစ်ပါတီးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ခြင်း မရှိသေးပေ။
တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ရှိ M Gallery ဟိုတယ်တွင် ကျင်းပခဲ့ပြီး မွန်ပြည်သစ်ပါတီဘက်က ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေး၊ နိုင်ဗညားချမ်းနွန်၊ ဗဟိုကော်မတီဝင် နိုင်အမ်စိုက်ချမ်း၊ နိုင်ကွန်းစိုက်နှင့် ရုံးအဖွဲ့မှူး နိုင်ဇော်မင်းဦးတို့ တက်ရောက်ခဲ့ကြသည်။
NSPNC ဘက်က ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်ဟု စစ်ကော်မရှင်ဘက်က ထုတ်ပြန်ထားသည်။
မွန်ပြည်သစ်ပါတီသည် တနိုင်ငံလုံးအပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးသည့် 7 EAOs Alliance အဖွဲ့ဝင်ဖြစ်ပြီး စစ်ကော်မရှင်တပ်နှင့် မကြာခဏ တွေ့ဆုံဆွေးနွေးလေ့ရှိသည်။



