ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် ပြည်တွင်းအသုံးပြုနေသည့် Starlink (စတားလင့်) အင်တာနက် စက်အချို့ကို ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းမှစ၍ Space X ကုမ္ပဏီမှ ပိတ်ခံနေရသဖြင့် ဆက်သွယ်ရေးပြတ်တောက်မည်ကို အသုံးပြုများ စိုးရိမ်နေကြသည်။
Space X မှ လက်ရှိတွင် စတားလင့်ဝန်ဆောင်မှု နေရာဒေသတွင် မဟုတ်ဘဲ သုံးစွဲနေခြင်း၊ စက်များအား မူရင်းမှတ်ပုံတင်ထားသော နိုင်ငံပြင်ပမှ အသုံးပြုသည့် သတ်မှတ်ရက်ပြည့်သွား၍ နိုင်ငံရေးအရ အသုံးပြုခွင့် ကန့်သတ်လိုက်သည်ဟု စတားလင့်သုံးစွဲသူများထံ အီးမေးလ် အကြောင်းကြားစာများ ပေးပို့နေကြောင်း သိရသည်။
ဇူလိုင် ၃ ရက်နေ့မနက်ပိုင်းတွင် ဘုရားသုံးဆူမြို့ပေါ်တွင် အသုံးပြု၍ရသည့် Starlink (စတားလင့်) စက်များ နည်းလာသဖြင့် လုံခြုံရေး စစ်ရေးသတင်းများ စိုးရိမ်နေရချိန် အင်တာနက်ပြတ်တောက်မှုဖြစ်မည်ကို စိုးရိမ်ကြောင်း မြို့ခံတစ်ဦးက IMNA သို့ ပြောသည်။

"ကျနော်တို့ဘက်မှာလည်း သုံးမရတာတွေ၊ လိုင်းမရတော့တာတွေများတယ်။ တစ်ပတ်လောက်ရှိပြီး အဲလိုဖြစ်နေတာလေ။ ဒီနေ့ကတော့ အရမ်းဆိုတာပေါ့။ ကျနော်တို့မှာလည်း အခုကြားနေတဲ့ ဘုရားသုံးဆူဘက်က သတင်းတွေ အမျိုးမျိုးဖြစ်နေတော့ ဒီကာလမှာ နည်းနည်းတော့စိုးရိမ်ရတာပေါ့။"ဟု မြို့ခံ ဆိုသည်။
အသုံးပြု၍ရသည့် စတားလင့် စက်အရေအတွက် နည်းလာသည်နှင့်အမျှ ဈေးကြီးပေး အသုံးပြုရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများ ဖြိုခွင်းမှုကြောင့် ဆက်သွယ်ရေးအခက်အခဲဖြစ်ခဲ့ရသည့် ဘုရားသုံးဆူဒေသခံများသည် ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နယ်စပ်မှတစ်ဆင့် Starlink တင်သွင်းရောင်းချနေသူများ၏ အကူအညီအဖြင့် Starlink အင်တာနက်ကို စက်ရုံ၊အလုပ်ရုံ၊ အဆောင်နှင့် နေအိမ်များအားလုံးနီးပါးတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလျှက်ရှိသည်။
လက်ရှိအချိန်အထိ အပိတ်ခံရသော စက်များတွင် သုံးစွဲသူမှတ်ပုံတင် မလုပ်ရသေးသေးသောစက်အသစ်များ ပါဝင်သကဲ့သို့ မှတ်ပုံတင်ပြုလုပ်ထားသည့် စက်များလည်း ပါဝင်သည်ဟုလည်း နည်းပညာ ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။
"အဓိက ပါကင်ဖောက်စက်အသစ်တွေဆို ဖွင့်မရတာမျိုးပေါ့နော်။ ဒုတိယတစ်မျိုးကျတော့ ခွင့်ပြုချက်မရှိတဲ့နိုင်ငံမှာ သုံးနေတယ်ဆိုပြီး တော့ အီးမေလ်နဲ့သတိပေးတာ အဲလိုအလုံးတွေကျတော့ ဖွင့်ထားတာ တစ်လနှစ်လလောက်ပဲရှိသေးတဲ့အလုံးတွေပေါ့။ တတိယ တစ်မျိုးကျတော့ သုံစွဲခွင့်လုံးဝမရှိတဲ့ နိုင်ငံမှာဆိုပြီးတော့ လုံးဝပိတ်ချလိုက်တာ။"ဟု ဆိုသည်။
ယနေ့အခြေနေအရ Restricted ဖြစ်သည့် စက်အရေအတွက်နှင့် မက်စ်ဆေ့ဝင်လာသည့် အရေအတွက် နည်းလာသည်သော်လည်း အခြေအနေများ အချိန်မရွေးပြောင်းလဲမှုဖြစ်နိုင်ကြောင်းလည်း နည်းပညာပိုင်းကျွမ်းကျင်သူများက ဆိုသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ခံရသည့်အပြင် မြန်မာကဲသို့ တရားဝင်ခွင့်ပြုချက်မရှိဘဲ ခိုးယူသုံးစွဲနေသည့် ကမ္ဘာ့နိုင်ငံများတွင်လည်း ပိတ်ဆို့ခံနေရခြင်းဖြစ်သည်။
စတားလင့်၏ ဝန်ဆောင်မှု မူဝါဒများ တင်းကြပ်လာခြင်းသည် ကျားဖြန့်ဂိုဏ်များ စတာ့လင့်အင်တာနက်စက်အသုံးပြုမှု များလာခြင်း၊ စစ်ကော်မရှင်လော်ဘီမှ စတားလင့်အသုံးပြုခြင်းကို တင်းကြပ်ရန် တောင်းဆိုနေခြင်း စသည့် အကြောင်းအရင်းများကြောင့်လည်း ဖြစ်နိုင်ကြောင်း နည်းပညာကျွမ်းကျင်သူများက သုံးသပ်လျှက်ရှိသည်။
မြန်မာနိုင်ငံရှိ တိုက်ပွဲပဋိပက္ခ ဖြစ်ပွားရာ နေရာအများစုသည် ဖုန်းလိုင်း၊ တာနက်လိုင်း ဖြတ်တောက်ခံရသည့်အပြင်း နယ်စပ်ကျားဖြန့်ရှင်းလင်းရေးကြောင့် မြန်မာပြည်တောင်ပိုင်ဒေသတွင် စတားလင့် အင်တာနက်အသုံးပြုမှု ပိုများလာနေကြောင်းလည်း သိရသည်။



