Homeသတင်းဖူးခက်တွင် နိုင်ငံခြားသား တရားမဝင်လုပ်ငန်းများကို ထိုင်းအာဏာပိုင်များ စစ်ဆေးတင်းကြပ်

ဖူးခက်တွင် နိုင်ငံခြားသား တရားမဝင်လုပ်ငန်းများကို ထိုင်းအာဏာပိုင်များ စစ်ဆေးတင်းကြပ်

-

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့တွင် တရားမဝင် နိုင်ငံခြားသားများ နေထိုင်မှုနှင့် ဥပဒေချိုးဖောက်မှု လုပ်ငန်းများကို အရှိန်မြှင့် ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဖူးခက်နေ မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ သိရသည်။

ထိုင်းအာဏာပိုင်များသည် အပန်းဖြေနေရာနှင့် စီးပွားရေးဇုန်များတွင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ၊ ဗီဇာစည်းကမ်းဖောက်ဖျက်သူများနှင့် ထိုင်းနိုင်ငံသားအမည်ခံ၍ နိုင်ငံခြားသားများ လုပ်ခွင့်မရှိသည့် စီးပွားရေးလုပ်ငန်းများကို အဓိကထား နှိမ်နင်းနေခြင်း ဖြစ်သည်။

အာဏာပိုင်များက ကမ်းခြေ၊ ပလာဇာနှင့် နာမည်ကြီး ညဈေးများအပါအဝင် ရွှေ့ပြောင်းလုပ်သားများ အများစု နေထိုင်ရာ ရပ်ကွက်များ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ဟိုတယ်များ၊ အလုပ်ရုံများနှင့် ကုန်စုံဆိုင်များကို နေ့စဉ် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်လျက်ရှိသည်။

ယခုစစ်ဆေးမှုအတွင်း အထောက်အထားမစုံလင်သည့် မြန်မာရွှေ့ပြောင်းလုပ်သား အများအပြား ဖမ်းဆီးခံခဲ့ရပြီး အချို့မှာ အလုပ်သမားကတ် ပါရှိသော်လည်း ခွင့်ပြုထားသည့် အလုပ်အမျိုးအစားနှင့် ကွဲလွဲနေခြင်းကြောင့် အရေးယူခံရမှုများ ရှိနေသည်။

ဖူးခက်မြို့တစ်ဝိုက် ကုမ္ပဏီများကို စစ်ဆေးရာတွင်လည်း နိုင်ငံခြားသား ရှယ်ယာပါသည့် ကုမ္ပဏီ ၁၁,၀၀၀ ကျော် တွေ့ရှိရပြီး ယင်းအနက် ကုမ္ပဏီ ၆၀၀ ကျော်သည် တရားမဝင် အမည်ခံ (Nominee) လုပ်ငန်းများ ဖြစ်နိုင်သဖြင့် Patong ကမ်းခြေရှိ ဟိုတယ်၊ ကားငှားလုပ်ငန်းနှင့် စားသောက်ဆိုင်များကို အရှိန်မြှင့် စစ်ဆေးနေကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

စစ်ဆေးမှုများ တင်းကြပ်ထားခြင်းကြောင့် ဖူးခက်မြို့လယ်ရှိ နိုင်ငံခြားသားများအပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သားအများစု စည်စည်ကားကားနေထိုင်ရာနေရာများ၌ လှုပ်ရှားသွားလာမှု နည်းပါးသွားကြောင်းလည်း ဆိုသည်။

လုပ်ငန်းရှင်အချို့သည် စိုးရိမ်မှုများကြောင့် ဆိုင်များကို ယာယီပိတ်ထားကြရပြီး အချို့သောလုပ်ငန်းများတွင် လုပ်ငန်းလည်ပတ်မှု ရပ်နားသွားသည့် အခြေအနေများလည်း ရှိသည်။

ကိုးကား-Thai PBS

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts