မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့တွင် ဘန်ကောက်မြို့၊ သုဓမ္မဝတီမွန်ဘုန်းကြီးကျောင်း၌ တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြောင်းသိရသည်။
ဆူဖန်ပူရီ၌ပြုလုပ်သည့် ၇၉ ကြိမ်မြောက်မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားတွင် ဖွဲ့စည်းခဲ့သည့် နှစ်နိုင်ငံမွန်ပေါင်းကူးရေးအဖွဲ့မှ နှစ်နိုင်ငံကြားလူမျိုးရေးကိစ္စကို ပထမဆုံးအကြိမ် စတင်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
စာပေအရေးနှင့်ပတ်သက်၍ ရှေ့ဆက်မည့်လုပ်ငန်းစဉ်များအတွက် တာဝန်ခွဲဝေမှုကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု မွန်ဒေသလုံးဆိုင်ရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌက မိန့်ကြားသည်။

“ ဒီအဖွဲ့ကို စတင်ဖွဲ့တဲ့နေ့မှာပဲ တရားဝင်အသက်ဝင်သွားပြီး။ ရှေ့လုပ်ငန်းစဉ်အတွက် တာဝန်တွေခွဲဝေဖွဲ့စည်းတာတွေ လုပ်သွားမယ်။ အဓိကထိုင်းမှာရှိတဲ့ မွန်ကလေးတွေ မွန်စာကိုသင်စေချင်တဲ့ရည်ရွယ်ချက်ပါပဲ။ စာဖြေနိုင်တဲ့ အခွင့်အရေး ရှိစေချင်တယ်။ ” ဟု မိန့်သည်။
ထိုင်းနိုင်ငံတွင် စာပေနှင့် ယဉ်ကျေးမှုကိစ္စ အရှိန်မြှင့်ဆောင်ရွက်နိုင်သည့်အပေါ် ဒေသအသီးသီးရှိ မွန်လူထုများ အားရဝမ်းသာ ကြိုဆိုနေကြောင်းလည်း ဆက်မိန့်သည်။
လက်ရှိ ထိုင်းနိုင်ငံ နွေရာသီကျောင်းပိတ်ရက်တွင် မွန်စာပေသင်တန်းကို တရားဝင် သင်ကြားနိုင်ရန်အတွက် ထိုင်းရောက်မွန်လူထုများ၊ မွန်သံဃာတော်များ၊ မဟာကျူလာလောင်ကွန် တက္ကသိုလ်မှ ကျောင်းသား၊သူများ ဝိုင်းဝန်းဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။
မွန်လူထုများ မွန်လူမျိုးအရေးကိစ္စ စိတ်ပါဝင်စားမှုရှိနေစဉ် စာပေနှင့် ယဉ်ကျေးမှုလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်ခြင်းအားဖြင့် အနာဂတ်တွင် မွန်လူငယ်များ မွန်စာပေနှင့် သမိုင်းအကြောင်း ပိုမို သိရှိလာမည်ဟုလည်း ဆိုသည်။
ထိုင်းနှင့်အလားတူ မလေးရှားနှင့် စင်ကာပူနိုင်ငံအတွက်လည်း နှစ်နိုင်ငံမွန်တာဝန်ရှိသူများကြား တွေ့ဆုံ၍ မွန်စာပေနှင့် ယဉ်ကျေးမှုလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားရန်ရှိသည်။
မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၏ စိန်ခေါ်မှုတစ်ခုတစ်ခုဖြစ်သည့် မွန်စာပေဂုဏ်ပြုဆုကုန်ကျစရိတ် ရန်ပုံငွေများကို ပြည်ပရောက်မွန်လူမျိုးများ ချိတ်ဆက်လုပ်ဆောင်သွားရန်ရှိသည်ဟုလည်း သိရသည်။
လွန်ခဲ့သည့် သက္ကရာဇ် ၁၃၆၀ ခုနှစ်က မွန်သံဃာတော်များနှင့် မွန်မျိုးချစ်ပုဂ္ဂိုလ်များ ပူးပေါင်းဦးဆောင်ပြီ မြို့နယ် ၆ မြို့နယ်ဖြင့် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။
လက်ရှိတွင် မွန်၊ ကရင်၊ တနင်္သာရီ၊ ပဲခူး မှ ၂၅ မြို့နယ်အထိ ပူးပေါင်းပါဝင်လာပြီး၊ အိမ်နီးချင်းပြည်ပ နိုင်ငံများအထိ ချိတ်ဆက်ဆောက်ရွက်လျှက်ရှိသည်။



