Homeသတင်းမြဝတီကျားဖြန့်စခန်းများမှ လွတ်မြောက်လာသည့် နိုင်ငံခြားသား ၁၃ ဦးကို ထိုင်းအာဏာပိုင်များ ထိန်းသိမ်းစစ်ဆေး

မြဝတီကျားဖြန့်စခန်းများမှ လွတ်မြောက်လာသည့် နိုင်ငံခြားသား ၁၃ ဦးကို ထိုင်းအာဏာပိုင်များ ထိန်းသိမ်းစစ်ဆေး

-

မြဝတီမြို့တစ်ဝိုက်ရှိ  အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်)စခန်းများမှ လွတ်မြောက်လာသည့် နိုင်ငံခြားသား ၁၃ ဦးကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖို့ဖရမြို့နယ်ရှိ ဒေသအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

ထိုင်းနိုင်ငံအခြစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းက ကျားဖြန့်စခန်းများတွင် ပိတ်မိနေသည့် နိုင်ငံခြားသားများကို ကူညီပေးရန် DKBA တပ်ဖွဲ့ထံ ဆက်သွယ်ညှိနှိုင်းပြီး အကူအညီတောင်းခံထားသည်ဟု ThaiPBS North သတင်းတွင် ဖော်ပြသည်။

အကူအညီတောင်းခံမှုအရ DKBA တပ်ဖွဲ့မှ လုပ်ငန်းခွင်အတွင်းမှပိတ်မိနေသည့် အဆိုပါနိုင်ငံခြားသားများကို သွားရောက်ကယ်ထုတ်ပေးခဲ့ပြီး ထိုင်း စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များထံ စနစ်တကျ လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။

လွတ်မြောက်လာသည့် နိုင်ငံခြားသား ၁၃ ဦးသည် အာဖရိကတိုက်ရှိ ကင်ညာ၊ ကင်မရွန်း၊ ယူဂန်းဒါး၊ ရဝမ်ဒါ၊ ဂါနာ၊ နိုင်ဂျီးရီးယားနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံသားဖြစ်သည်။

အလုပ်အကိုင်အခွင့်အလမ်းအတွက် လိမ်လည်စည်းရုံးခံရပြီးနောက် မြဝတီမြို့နယ်ရှိ ပုဂ္ဂလိကကုမ္ပဏီအမည်ခံ တရားမဝင်အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) စခန်း ၂ ခုသို့ ရောက်ရှိသွားခဲ့ကြသည်ဟုလည်း နိုင်ငံခြားသားများက ထွက်ဆိုထားသည်။

အဆိုပါ နိုင်ငံခြားသား ၁၃ ဦး၏ ခန္ဓာကိုယ်၊ လက်နှင့် ခြေထောက်များ၌ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများနှင့် ညှင်းပန်းနှိပ်စက်ခံထားရသော လက္ခဏာများ အထင်အရှား တွေ့ရသည်။

ထိုင်းဒေသဆိုင်ရာ အာဏာပိုင်များ၏ ကနဦးစိစစ်ချက်အရ အဆိုပါ နိုင်ငံခြားသားများသည် လူကုန်ကူးခံရသူ မဟုတ်ဘဲ ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်သူများအဖြစ် သတ်မှတ်ကာ ဥပဒေအရ အရေးယူရန် ပြင်ဆင်မှုများ ရှိနေကြောင်း သိရသည်။

သို့သော်လည်း လူကုန်ကူးမှု တိုက်ဖျက်ရေး အရပ်ဘက်အဖွဲ့အစည်းမှ ညှိနှိုင်းရေးမှူး မစ္စ ဂျေ ကရီတိညာ (Ms. Jay Krittiya)က ယင်းနိုင်ငံခြားသားများသည် လိမ်လည်လှည့်ဖြား ခေါ်ဆောင်ခြင်းခံရသည့် လူကုန်ကူးမှုခံရသူများ ဖြစ်ကြောင်း အခိုင်အမာ ပြောကြားထားပြီး အပြစ်ပေးခြင်း မပြုရန် တိုက်တွန်းထားသည်။

ထို့ကြောင့် အဆိုပါ နိုင်ငံခြားသားများကို ခွဲခြားစိစစ်ရေးစင်တာ (Don Mueang Screening Center) သို့ အမြန်ဆုံး ပို့ဆောင်ပေးရန် ထိုင်းအာဏာပိုင်များကို တောင်းဆိုထားသည့်အပြင် သက်ဆိုင်ရာ သံရုံးများနှင့် ချိတ်ဆက်ကာ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပေးရန် ပြောဆိုထားသည်။

DKBA ထိန်းချုပ်ရာနယ်မြေအတွင်း တရားမဝင် အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းသည် ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်ပြီး နိုင်ငံခြားသားပိုင် ကုမ္ပဏီများစွာအောက်တွင် ပိတ်မိနေသည့် နိုင်းငံခြားသားပေါင်း ၅,၀၀၀ ခန့် ကျန်ရှိနေသေးပြီး ၎င်းတို့ကို စောင့်ကြပ်သူများက တင်းကျပ်စွာ ပိတ်လှောင်ထားကြောင်းလည်း ‌ထိုင်းသတင်းဌာန တွင် ဖော်ပြထားသည်။

ကိုးကား-Thai PBS 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts