တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျေးရွာများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့စုံများ မဝင်ရောက်နိုင်သေးသဖြင့် ဒေသခံများ အကူအညီရရှိရန် ခက်ခဲနေဆဲဖြစ်သည်ဟု ဒေသသတွင်းအခြေစိုက် တော်လှန်ရေးအဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
အောက်တိုဘာ ၁ ရက်နေ့က ယန္တယားကြီးများပါဝင်သည့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များကို မြို့ပေါ်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များအဖွဲ့မှ ဖြတ်သန်းခွင့်မပြုသည့်အပြင် လမ်းပျက်စီးမှုအခြေအနေများကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ မဝင်ရောက်နိုင်သေးကြောင်း သိရသည်။
ထို့ကြောင့် မည်သည့်ကူညီကယ်ရေးအဖွဲ့မှ မဝင်ရောက်နိုင်သေးဘဲ ကိုယ်ထူကိုယ်ထဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသခံများသာ ဆက်လက်လုပ်ဆောင်နေရသည်။

သရက်ချောင်းဒေသခံအမျိုးသားတစ်ဦးက “ သရက်ချောင်းက အများကြီးထိခိုက်ထားတာ အပေါ်ပိုင်းရောအောက်ပိုင်းရောပဲ အခု ကိုယ်ထူကိုယ်ထနဲ့လုပ်နေရတာ ဘယ်အဖွဲ့မှ မရောက်သေးဘူး။ စကစက သူတို့လဲမကူဘူး။ လာကူတဲ့လူကိုလဲတားနေသေးတယ် ရေဘေးသင့်ပြည်အတွက်လှူမဲ့ပစ္စည်းတွေကိုလဲ ယူသေးတယ်” ဟု ပြောသည်။
မြို့ပေါ်စစ်ဆေးရေးဂိတ်မှ သရက်ချောင်းသို့ သွားရောက်ကူညီမည့် ကယ်ဆယ်ရေးအဖွဲ့များ အသွားအလာကန့်သတ်ခံနေရသည့်အပြင် ကုန်စည်စီးဆင်းမှုလည်း မရှိသဖြင့် စားနပ်ရိပ်က္ခာပြတ်လပ်မှုများဖြစ်နေကြောင်းလည်း သိရသည်။
ယန္တယားကြီးများဖြင့် ကူညီကယ်ဆယ်မှုမလုပ်ဆောင်နိုင်သော်လည်း ရွှေ့လျားရေသန့်စက်နှင့် အခြေခံစားသောက်ကုန်များကို သရက်ချောင်း အပေါ်၊ အောက်ရွာများ ရရှိရန် ကူညီကယ်ဆယ်ရေးအဖွဲ့များ ကြိုးပမ်းနေကြကြောင်းလည်း သိရသည်။
လက်ရှိ သရက်ချောင်းမြို့နယ်အတွင်း ရေဘေးကြုံနေရသည့် ကျေးရွာဘက်သို့လည်း စစ်တပ်အဖွဲ့မှ စစ်ကြောင်းထိုးနေပြီး အချို့ကျေးရွာတွင်လည်း စစ်ဘေးရှောင်နေရသည့်အခြေအနေများရှိနေသည့်အပြင် လေကြောင်းအန္တရာယ်ကိုပါ စိုးရိမ်နေကြရသည်။
“စစ်ကြောင်းကတော့ သရက်ချောင်းအောက်ဘက်ပိုင်းကရွာတွေဘက်ကို ထိုးနေတာပါ။ စားနပ်ရိက္ခာ ကုန်စည်စီးဆင်းမှုကတော့ ပြတ်လပ်နေပါတယ်၊ အခုကတော့ အချို့ရွာတွေ စစ်ဘေးရှောင်နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။ အဓိကကတော့ တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးထိန်းချုပ်ထားတဲ့ဒေသတွေဖြစ်လို့ သွားလာခွင့်မပြုတာဖြစ်တယ်လို့ သုံးသပ်ရပါတယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁ရက်နေ့ ညနေပိုင်းတွင် စစ်တပ်မှ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဆင်းကျန်း၊ လဘရွာ၊ ပိတိုင်ရွာအနီးတစ်ဝိုက်တွင် ပေါင် ၁၅၀ ဗုံး ၅ လုံး ကျဲချတိုက်ခိုက်ခဲ့သည်။
သရက်ချောင်းမြို့နယ်တွင် စက်တင်ဘာ ၂၇ ရက်၊ ၂၈ ရက်တို့တွင် ရေကြီး မြေပြိုမှုကြောင့် နေအိမ် ၂၀ ကျော် ပျက်စီးဆုံးရှုံးပြီး သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း ထားဝယ်အမျိုးသား အဖွဲ့ချုပ် (TNF) အချက်အလက်အရ သိရသည်။




