Homeသတင်းအရေးယူမှုကြားမှ မွန်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ ငွေညှစ်တောင်းခံမှု ရှိနေဆဲ

အရေးယူမှုကြားမှ မွန်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများ ငွေညှစ်တောင်းခံမှု ရှိနေဆဲ

-

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လာဘ်ပေးလာဘ်ယူပြုလုပ်သည့် ဝန်ထမ်းများအား အရေးယူမည်ဟု စစ်ကော်မရှင်မှ ထုတ်ပြန်ထားစဉ် မွန်ပြည်နယ်တွင် သိန်းနှင့်ချီပေးဆောင်ရသည့် ငွေညှစ်တောင်းခံမှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်ဖြစ်သည့် “လမင်းစီမံချက်” အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို အခမဲ့လုပ်ဆောင်ပေးမည်ဟု ပြောဆိုထားသည့်အတွက်  စာရွက်စာတမ်းပြင်ဆင်လိုသည့် မွန်ဒေသခံများ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးရှေ့တွင် နေ့စဉ်တန်းစီစောင့်ဆိုင်းသူ များပြားလျှက်ရှိသည်။

ရေးမြို့ပေါ်တွင်  ရုံးဝန်ထမ်းအချို့နှင့် ပွဲစားများ ပူးပေါင်း၍ အဆိုပါ အမည်လွှဲပြောင်းခြင်း၊ မွေးတိုးစာရင်းထည့်သွင်းခြင်းနှင့်အိမ်ထောင်စုစာရင်းပြင်ဆင် ပြုလုပ်လိုသည့် ဒေသခံများထံမှ ငွေကြေးကျပ် ၂ သိန်းမှ ၁၀ သိန်းအထိ တောင်းခံနေကြောင်း ရေးမှ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ပိုက်ဆံမပေးရင် သူတို့မပြင်ပေးဘူး။ အိမ်ထောင်စုစာရင်းမှာ မွေးတိုးထည့်တာရယ်၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း အမည်လွှဲနေတာရယ် အဲ့နှစ်ခုကိုပြင်တာ (၁၀) သိန်းပေးရတယ်။ ဒါက လွန်ခဲ့တဲ့ နှစ်ပတ်ကပဲ။” ဟု ဆိုသည်။

အဆိုပါ ငွေကြေးများကို ဒေသခံများက ပွဲစားများမှတစ်ဆင့် ပေးဆောင်ခဲ့ရကြောင်း ပြောသည်။

ထို့အပြင် မုဒုံမြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင်လည်း ငွေကြေးတောင်းယူမှုများ ပြုလုပ်နေသည့်အပြင် စာရွက်စာတမ်းများ လာရောက်ပြင်ဆင်သည့် ဒေသခံများအပေါ် ဆဲဆိုကြိမ်းမောင်းမှုများလည်း ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

၎င်းက “ ဝန်ထမ်းတွေက စကားပြောတာ တော်တော်မောက်မာတယ်။ ရှင်းရှင်းပဲ ပိုက်ဆံတောင်းသလောက် မပေးနိုင်ရင် မလုပ်ပေးနိုင်ဘူး။ စမတ်ကဒ်ရိုက်ဖို့အတွက် မှတ်ပုံတင်နဲ့အိမ်ထောင်စုစရင်း အမည်လွဲနေတာ အဲ့တာပြင်ဖို့ကို တစ်သိန်းပေးရတယ်။ စကားပြောရင် သူတို့ကို မနည်းအောက်ကျို့ထားရတယ်။” ဟု မုဒုံမြို့နယ် ကမာဝက်မြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

လတ်တလော ကြုံတွေ့နေရသည့် ငွေညှစ်တောင်းခံရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ အသိပေးတိုင်ကြားမှုများ ရှိခဲ့သော်လည်း ပြောင်းလဲမှုတစ်စုံတစ်ရာ မတွေ့ရသေးကြောင်း ရေးဒေသခံအမျိုးသမီးက ဆက်ပြောသည်။

စစ်ကော်မရှင် လက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့က လူဝင်မှုကြီးကြပ်ရေးရုံး ဝန်ထမ်းများမှ ငွေကြေးတောင်းခံမှုများ ရှိပါက ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးရုံး ဖုန်းနံပါတ် 09-692 276 358 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

သို့သော် လုံခြုံရေးအခြေအနေများ စိုးရိမ်ရသဖြင့် ဆက်သွယ်တိုင်ကြားလိုသည့် ဒေသခံများ တိုင်ကြားရန် စိုးရိမ်မှုများ ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts