Homeသတင်းမောတောင်မြို့တွင် စစ်တပ်ထောက်ခံသူအချို့ နေရပ် ပြန်လည်ဝင်ရောက်နေထိုင်

မောတောင်မြို့တွင် စစ်တပ်ထောက်ခံသူအချို့ နေရပ် ပြန်လည်ဝင်ရောက်နေထိုင်

-

ထိုင်း-မြန်မာနယ်စပ်၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်မြို့ကို စစ်တပ်က ပြန်လည် ထိန်းချုပ်ခဲ့သည့်နောက် စစ်တပ်ထောက်ခံသူများ ပြန်လည်ဝင်ရောက်နေထိုင်နေကြကြောင်း မောတောင်ဒေသခံများက ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်များ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မောတောင်မြို့ကို ၂၀၂၆ ခုနှစ်၊ မေလလယ်ခန့်တွင် တိုက်ပွဲအကြိမ်ရေများစွာဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်မှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း မောတောင်မြို့ရှိ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်။

အဆိုပါ အပျက်အစီးများကို စစ်ကော်မရှင်မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေသည့်အပြင် နယ်စပ်လူမှုစီးပွားရေးများ ပြန်လည်စတင်နိုင်မည်ဟုဆိုသဖြင့် စစ်တပ်ထောက်သူအချို့ ပြန်လည်ဝင်ရောက်နေထိုင်နေကြသည်ဟု မောတောင်မြို့ခံတစ်ဦးက ပြောသည်။

“လောလောတော့ စစ်တပ်အာမာခံတွေပဲ ပြန်လာပြီးတော့ ဝင်ရောက်နေထိုင်နေကြတယ်။ ပြောရရင် ဟိုဘက်မဟုတ်၊ ဒီဘက်မဟုတ် သာမန်ပြည်သူတွေလည်း မပြန်လာကြသေးဘူး။ ပြန်လာတဲ့လူတွေကိုလည်း မြို့အတွင်းမှာပဲ ပေးနေနေတယ်။ မြို့အပြင်ဘက်တွေမှာ ပေးမနေဘူး။ ” ဟု ၎င်းကပြောသည်။

မောတောင်မြို့တွင် အိမ်ခြေပေါင်း ၁၅၀၀ ကျော်ရှိပြီး တိုက်ပွဲကြောင့် တိမ်းရှောင်နေကြသည့် လူဦးရေ သောင်းချီရှိသော်လည်း အနည်းစုသာ ပြန်ဝင်ရောက်နေထိုင်နေကြကြောင်း ဆိုသည်။

တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည့် ဒေသခံများအနေဖြင့် မောတောင်မြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်လိုပါက တနင်္သာရီမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးသို့ ထောက်ခံစာ ယူရမည်ဖြစ်ပြီး တနင်္သာရီ-မောတောင်လမ်းပိုင်းတစ်လျှောက်တွင် စစ်ဆေးမေးမြန်းမှု တင်းကြပ်ထားသည်ဟုလည်း သိရသည်။

“မောတောင်မြို့ဘက်ကို ကားနဲ့တော့ ပေးမဝင်သေးဘူး။ ဆိုင်ကယ်နဲ့ပဲ သွားလာခွင့်ပြုထားတယ်။ လမ်းပိုင်းတစ်လျှောက်မှာလည်း တပ်အင်အားတိုးမြှင့်ထားပြီး ဂိတ်တွေချထားတယ်။ အဲကြောင့် စစ်ရှောင်တွေလည်း မောတောင်မြို့ကို ဝင်ရင် တနင်္သာရီမြို့မှာ ထောက်ခံစာ အရင်လုပ်ရတယ်” ဟု အထက်ပါ မြို့ခံက ပြောသည်။

တစ်ဖက်တွင် မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ သိမ်းပိုက်ထားစဉ် နေအိမ်အများအပြား ဖောက်ထွင်းခံထားရပြီး တန်းဖိုးရှိပစ္စည်းများကိုလည်း ခိုးယူဆောင်ခံထားရကြောင်း မောတောင်ဒေသခံများက ပြောသည်။

တနင်္သာရီတွင် မေလအတွင်း တိုက်ပွဲ ၅၈ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး တိုက်ပွဲအများစုသည် ထိုင်း-မြန်မာနယ်စပ်လမ်းဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်မြို့သွားရာလမ်းနှင့် အနီးဝန်းကျင်ရွာများတွင် ဖြစ်ပွားမှုများခဲ့သည်ဟု FE 5 တနင်္သာရီမှ မေလအစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။

တိုက်ပွဲအပါအဝင် လေကြောင်း၊ ရေကြောင်း တိုက်ခိုက်ခံရမှုများကြောင့် တနင်္သာရီတွင် မေလအတွင်း  နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ အနည်းဆုံး ၉၃၂၀၀ ဝန်းကျင်အထိ ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts