ရခိုင်ပြည်နယ်အတွင်း စစ်အုပ်စု ထိန်းချုပ်ထားသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် စသည့်မြို့ ၃ မြို့ကို ဆက်လက်သိမ်းပိုက်သွားမည်ဟု အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပြောဆိုထားသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ကို စစ်အုပ်စုက ဆက်လက်ထိန်းချုပ်ထားသည်။
အဆိုပါ မြို့နယ် ၃ ခုကို ဆက်လက်သိမ်းပိုက်ရရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြောင်း AA ရခိုင်ပြည်နယ် တစ်ကျော့ပြန်တိုက်ပွဲများ စတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့ (၃) နှစ်ပြည့်နေ့တွင် AA က ထုတ်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် အာရက္ခတပ်တော် (AA) နှင့် ရခိုင်လူထုတို့သည် ဟန်ချက်ညီညီဖြင့် တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေကြပြီး ၎င်းတို့၏ ပန်းတိုင်ကို မရောက်ရောက်အောင် ဆက်လက်ကြိုးပမ်းသွားနိုင်လိမ့်မည်ဟု မြင်ကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

“ဒါကတော့ သဘာဝကျပါတယ်။ အခုလက်ရှိ အခြေအနေမျိုးမှာ AA၊ ULA ပေါ့။ သူကတော့ အင်အားအရှိဆုံးပါပဲ။ ဒါပြီးရင် ရခိုင်ထဲမှာ ကောင်းတဲ့အချက်တစ်ခုကတော့ စကားလည်းတူတယ်၊ လူမျိုးလည်းတူတယ်၊ ဘာသာလည်းတူတယ်။ အကုန်လုံးတူနေတော့ အင်အားကြီးတာပေါ့။ လူဦးရေလည်း များတယ်။ သန်းနဲ့ချီပြီး ရှိတယ်ဆိုတော့ တက်ကြွမှုကလည်း အရမ်းများတယ်။ သူတို့လိုချင်တဲ့ ပန်းတိုင်ကို မရောက်ရောက်အောင် သွားဖို့ရှိတယ်။ အပီအပြင်လုပ်သွားမယ်လို့ ဒီလိုပဲ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်အုပ်စုဘက်က မြေပြင်ထိုးစစ်များထက် လေကြောင်းနှင့် ရေကြောင်းတိုက်ခိုက်မှုများကို ပိုမိုအသုံးပြုနေသော်လည်း အာရက္ခတပ်တော်အနေဖြင့် နယ်မြေကျွမ်းကျင်မှုအပိုင်းတွင် အားသာချက်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့အပြင် စစ်အုပ်စုသည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များကို နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသလို ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၁၀ နာရီကျော်မှာလည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းဒေသနှင့် အနီးတစ်ဝိုက်ကို စစ်အုပ်စုက ဂျက်တိုက်လေယာဉ်ဖြင့် ၇ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလအတွင်း မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားခဲ့သည့် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများတွင် ရခိုင်ပြည်၌ အရပ်သား ၇၇ ဦး သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်း သေဆုံးမှုအများဆုံး ဖြစ်ခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့ (NLTA) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အလားတူ စစ်အုပ်စု ထိန်းချုပ်ထားသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ရှိ ရခိုင်ပြည်သူများသည်လည်း အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေးအခက်အခဲနှင့် ဆေးဝါးအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ မြို့နယ် ၃ ခုကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်မှသာ လက်ရှိ ရခိုင်ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများမှ လွတ်မြောက်နိုင်မည်ဖြစ်သည့်အတွက် လက်ကျန်မြို့များကို အမြန်ဆုံးသိမ်းပိုက်စေလိုကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
“ပြည်သူတစ်ယောက်အနေနဲ့ဆိုရင် အာရက္ခတပ်တော်လက်ထဲကို အကုန်လုံးရောက်စေချင်တာပေါ့။ ဒါမှလည်း အဲဒီမှာရှိတဲ့ ပြည်သူတွေ၊ အထူးသဖြင့် စားဝတ်နေရေး ခက်ခဲကျပ်တည်းနေတဲ့ ပြည်သူတွေ အခက်အခဲတွေကနေ လွတ်မြောက်နိုင်မှာပါ။ အဓိကကတော့ ဆေးဝါးအခက်အခဲတွေ ရှိနေတယ်။ နောက်ပြီး သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်နေတဲ့ ပြည်သူတွေမှာလည်း ဆေးဝါးအခက်အခဲတွေ ကြုံတွေ့နေရတယ်။ အဲဒီမြို့တွေကို တပ်တော်က ထိန်းချုပ်လိုက်မယ်ဆိုရင် အဲဒီမှာရှိတဲ့ ပြည်သူတွေအနေနဲ့လည်း ဒီအခက်အခဲတွေကနေ လွတ်မြောက်သွားမှာပေါ့။ ရခိုင်ပြည်သူတွေအနေနဲ့လည်း ဒါကို လိုလားနေကြတာပါ။ လက်ကျန်မြို့ ၃ မြို့ကို အမြန်ဆုံးသိမ်းပိုက်ရရှိစေချင်ကြတယ်။ ဒါမှလည်း ဒီအခက်အခဲတွေကြားကနေ ရခိုင်ပြည်သူတွေ လွတ်မြောက်နိုင်မှာဖြစ်လို့ပါ” ဟု ၎င်းက ပြောသည်။
အာရက္ခတပ်တော် (AA) အနေဖြင့် မပြီးဆုံးသေးသည့် တိုက်ပွဲများနှင့် ဆက်လက်သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် မြို့သိမ်းတိုက်ပွဲများကို ဆက်လက်ဆင်နွှဲလျက်ရှိပြီး ကျန်ရှိနေသေးသည့် အာရက္ခဘိုးဘွားပိုင်နယ်မြေများကို အာရက္ခပြည်သူများလက်ထဲသို့ မကြာမီ ပြန်လည်အပ်နှံသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ (AA-TNLA-MNDAA) က ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ ခုအနက် ကျောက်တော်၊ ဂွ၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဘူးသီးတောင်၊ မင်းပြား၊ မောင်တော၊ မြေပုံ၊ မြောက်ဦး၊ ရမ်းဗြဲ၊ ရသေ့တောင်၊ သံတွဲနှင့် အမ်းမြို့နယ်တို့ကို AA က တိုက်ခိုက်သိမ်းပိုက်ထားသည်။
ထို့နောက် ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် ပေါက်တောမြို့နယ် ငပြီကျွန်းတို့တွင် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။




