မြန်မာ့ပဋိပက္ခများကြား ကျောင်းနေအရွယ်ကလေးများ ပညာသင်ခွင့်ရရှိရန် ခက်ခဲနေဆဲဖြစ်ပြီး ယခုပညာသင်နှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကလေး ၆ ဒသမ ၃ သန်းကျော် ပညာသင်ခွင့်ဆုံးရှုံးနေသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ ISP Myanmar မှ ဇွန်လ ၂၃ ရက်နေ့ စစ်တမ်းတွင် ထုတ်ပြန်သည်။
စစ်ကော်မရှင် ပညာရေးဝန်ကြီးဌာနမှ နိုင်ငံတစ်ဝှမ်းအတိုင်းအတာဖြင့် ယခု ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူဦးရေ ၆ ဒသမ ၇ သန်းရှိသည်ဟု ဆိုသည်။
၂၀၁၉ နှင့် ၂၀၂၄ ခုနှစ်၏ သန်းခေါင်စာရင်းများအရ ကျောင်းနေအရွယ်ကလေး ၁၃ သန်း ဝန်းကျင်ရှိရမည်ဖြစ်သဖြင့် အဆိုပါအရေအတွက်ဖြင့် နှိုင်းယှဉ်ပါက ပညာသင်ခွင့်ဆုံးရှုံးသူ ကလေး ၆ ဒသမ ၃ သန်းကျော်ရှိနေကြောင်းလည်း ထောက်ပြသည်။
ထိုပမာဏသည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တစ်ခုတည်းအတွက်သာဖြစ်ပြီး အာဏာသိမ်းမှုအလွန် ငါးနှစ်တာကာလအတွင်း အခြေခံပညာသင်ယူခွင့် ဆုံးရှုံးသူအရေအတွက် ယခုထက်ပိုမိုများပြားနိုင်ကြောင်းလည်း ဆိုသည်။
မြန်မာ့ပညာရေးသည် အာဏာမသိမ်းခင်ကာလကဲ့သို့ ပြန်ဖြစ်ရန် ခက်ခဲပြီး စားဝတ်နေရေးနှင့် လုံခြုံရေးအခြေအနေများကြောင့် နေရပ်စွန့်ခွာရသူ၊ နိုင်ငံခြားထွက် အလုပ်လုပ်ရသည့် ကလေးများ များနေကြောင်းလည်း မွန်အမျိုးသားပညာရေးဌာနမှ ကျောင်းဆရာတစ်ဦးက IMNA သို့ ပြောသည်။

"အရင်လိုတော့ ဖြစ်ဖို့ခက်တယ်။ ကျနော်တို့ မွန်အမျိုးသားကျောင်းမှာဆိုရင်လည်း အလယ်တန်းအရွယ် ကလေးတွေ ကျောင်းထွက်တာ၊ ကျောင်းမနေတော့တာများတယ်။ အထူးသဖြင့် ထိုင်းမှာ ဘတ်လုပ်တဲ့အချိန်တွေ မိဘတွေက ခေါ်ထုတ်သွားကြတာ။"ဟု ဆိုသည်။
ပဋိပက္ခအတွင်း ပါဝင်နေသော အဖွဲ့အစည်းအသီးသီးမှ အစားထိုးပညာရေးအတွက် နည်းပေါင်းစုံဖြင့် ကြိုးပမ်းနေသော်လည်း စစ်ရေးအခြေအနေ၊ အခြေခံအဆောက်အအုံလိုအပ်ချက်ကြောင့် အကန့်အသတ်ဖြစ်နေဆဲဟု စစ်တမ်းတွင် ဖော်ပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အချက်အလက်များအရ ၂၀၂၃–၂၀၂၄ ပညာသင်နှစ်အတွင်း မြေပြင်ကျောင်းများ၌ ကျောင်းသား ၇၂၇,၈၆၀ ဦးကို ပညာသင်ကြားပေးခဲ့သည်ဟု ဆိုထားသော်လည်း ၂၀၂၆–၂၀၂၇ အခြေအနေကိုမသိရသေးပေ။
တအာင်းပြည်ပညာရေးကောင်စီ (Ta’ang Land Education Council – TLEC) မှလည်း ၂၀၂၄–၂၀၂၅ ပညာသင်နှစ်အတွင်း ကျောင်းသား ၇၀,၀၀၀ နီးပါးကို ပညာသင်ကြားပေးခဲ့ပြီး အခုပညာသင်နှစ်တွင် စစ်ရေးအခြေအနေကြောင့် စာသင်ကျောင်း ၂၀၀ ဝန်းကျင် ပိတ်ထားရသလို ကျောင်းအပ်နှံမှုလည်း လျော့နည်းလာသည်ဟု ဆိုသည်။
မွန်အမျိုးသားပညာရေးကော်မတီ(MNEC) တွင် ပြီးခဲ့သည့် ၂၀၂၅-၂၀၆ ပညာသင်နှစ်က ကျောင်းပေါင်း ၁၄၆ ကျောင်းမှ ဆရာ၊ဆရာမ ၈၀၀ ကျော်ရှိပြီး ကိုဗစ်ကာလနောက်ပိုင်း ကျောင်းသာဦးရေအတည်တကျ မရှိကြောင်းလည်း (MNEC) တာဝန်ရှိသူများက ပြောသည်။
တစ်ဖက်တွင်လည်း စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်က ပညာရေးအတွက် ၂၀၂၆-၂၀၂၇ ဘက်ဂျက်တိုးမြှင့်သုံးစွဲမည်ဟု ဆိုသော်လည်း ကျောင်းနေအရွယ်ကလေးများ ပညာသင်ခွင့် ဆုံးရှုံးနေဆဲဖြစ်သည်။
စစ်ခေါင်းဆောင်ဟောင်း၏ ယခုပညာသင်နှစ်အတွက် ဂက်ဂျက်သုံးစွဲမှုသည် ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း သုံးစွဲခဲ့သည့် ပမာဏ၏ ၈ ဒသမ ၀၇ ရာခိုင်နှုန်းသို့ ပြန်မရောက်သေးသည်မှာ သတိပြုစာဖြစ်ကြောင်းလည်း ISP Myanmar မှ ထောက်ပြထားသည်။



