Homeသတင်းခေတ်မီဖျော်ဖြေရေးလုပ်ငန်းများနှင့်အတူ လူငယ်များကြား HIV/AIDS ရောဂါကူးစက်မှု စိုးရိမ်စရာဖြစ်လာ

ခေတ်မီဖျော်ဖြေရေးလုပ်ငန်းများနှင့်အတူ လူငယ်များကြား HIV/AIDS ရောဂါကူးစက်မှု စိုးရိမ်စရာဖြစ်လာ

-

မွန်ပြည်နယ်တွင် Bar၊ Club၊ KTV စသည့် ခေတ်မီဖျော်ဖြေရေးလုပ်ငန်းများနှင့်အတူ လူငယ်များအကြား HIV/AIDS ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာနေပြီး စိုးရိမ်စရာဖြစ်လာကြောင်း HIV/AIDS အရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ထောက်ပြပြောဆိုသည်။

လူငယ်များအကြား “Night Life” ဟု ခေါ်သည့် ညပိုင်းဖျော်ဖြေရေးကို နှစ်သက်လာကြပြီး မြို့ပေါ်ရှိ Bar၊ Club၊ KTV စသည့် နေရာများသို့ သွားရောက်ပျော်ပါးမှုများ ပိုမိုများပြားလာကြောင်း သိရသည်။

“Happy Water” နှင့် “Ice” ကဲ့သို့ မူးယစ်စေသော ဆေးဝါးများကို အဆိုပါနေရာများတွင် သုံးစွဲပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံမှုများ ပြုလုပ်လာခြင်းကြောင့် HIV/AIDS ရောဂါ ကူးစက်မှုအန္တရာယ် နေ့စဉ်မြင့်တက်လာနေကြောင်း HIV/AIDS အရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ပြောသည်။

“ကူးစက်မှုနှုန်းက မြင့်နေတာပဲ။ လူငယ်တွေက စိတ်ထွက်ပေါက်အနေနဲ့ Night Club တွေ၊ Bar တွေ သွားပြီးတော့ Heavy Sex တွေ ပိုဖြစ်လာတယ်။ အဲဒီကနေ အကာအကွယ်မဲ့ လိင်ဆက်ဆံတာတွေ များတော့ HIV ကူးစက်နှုန်းက တိုးလာနေတယ်။” ဟု HIV ရောဂါနှင့်ပတ်သက်ပြီး အသိပညာပို့ချပေးသူတစ်ဦးက ဆိုသည်။

HIV/AIDS ရောဂါကူးစက်ခံရခြင်း ရှိ၊ မရှိကို သွေးစစ်ဆေးခြင်းဖြင့်သာ အတည်ပြု သိရှိနိုင်သော်လည်း လူငယ်အချို့မှာ ရှက်ရွံ့မှုနှင့် ကြောက်ရွံ့မှုများကြောင့် သွေးစစ်ဆေးမှု ခံယူရန် တွန့်ဆုတ်နေကြကြောင်း သိရသည်။

ယင်းကြောင့် ရောဂါကို အချိန်မီမသိရှိဘဲ အခြေအနေ ဆိုးရွားလာကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားသည့် ဖြစ်ရပ်များလည်း ရှိကြောင်း အထက်ပါ တာဝန်ရှိသူက ထောက်ပြပြောဆိုသည်။

လက်ရှိ မွန်ပြည်နယ်အတွင်း HIV/AIDS ရောဂါကူးစက်နှုန်း မြင့်မားနေသော်လည်း ဖွင့်လှစ်လျက်ရှိသည့် Bar၊ Club နှင့် KTV များတွင် အသက်ကန့်သတ်ချက်များ မရှိသလောက်ဖြစ်နေပြီး လူငယ်များကို လွတ်လပ်စွာ ဝင်ရောက်အသုံးပြုခွင့် ပေးထားကြောင်း သိရသည်။

မူးယစ်ဆေးဝါး ဖြန့်ဖြူးရာနေရာတစ်ခုကဲ့သို့ မူးယစ်ဆေးဝါးများကိုလည်း လွယ်ကူစွာ ဝယ်ယူရရှိနိုင်သည့် အခြေအနေတွင် ရောက်ရှိနေသည်ဟု “Night Life” အကျွမ်းတဝင်ရှိသည့် မွန်လူငယ်အမျိုးသားတစ်ဦးက ဆိုသည်။

“Bar တို့၊ Night Club တို့၊ KTV တို့ဆိုတာက လူငယ်တွေ ပျက်စီးလွယ်တဲ့ နေရာတစ်ခုလို့တောင် ပြောလို့ရတယ်။ ပိုက်ဆံသုံးဖြုန်းနိုင်ရင် လိုချင်တာအကုန်ရပါတယ်။ ဒါပေမဲ့ ပေါ်ပေါ်ထင်ထင်တော့ သူတို့မရောင်းပေးဘူးပေါ့။ အဆက်အသွယ်နဲ့ သူတို့လှုပ်ရှားရောင်းဝယ်တယ်။ မူးယစ်ဆေးဝါးကအစ မိန်းကလေးတွေအဆုံးပေါ့။” ဟု အဆိုပါ မွန်လူငယ်အမျိုးသားက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း၌ စစ်ကောင်စီအစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်များပူးပေါင်းပြီး Bar၊ Club၊ KTV ကဲ့သို့ လုပ်ငန်းများ တိုးတက်လာပြီး ၎င်းလုပ်ငန်းများမှတစ်ဆင့် လည်ပတ်နေသည့် ဒုစရိုက်များကို ထိရောက်သော အရေးယူစစ်ဆေးမှုမရှိကြောင်း သိရသည်။

တရားဝင်ကောက်ယူထားသည့် နောက်ဆုံးစာရင်းများအရ မွန်ပြည်နယ်တွင် ART ဆေးသောက်သုံးနေရသည့် HIV ဝေဒနာရှင် ၅,၀၀၀ ကျော်ရှိနေပြီး မြေပြင်တွင် ကူးစက်ခံနေရသည့် လူနာအရေအတွက်သည် ယခုထက် ပိုမိုများပြားနိုင်ကြောင်း HIV/AIDS အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

အဆိုပါ HIV/AIDS အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအနေဖြင့် လူငယ်များ အသုံးများသည့် TikTok၊ Facebook၊ Instagram များမှတစ်ဆင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၏ အန္တရာယ်နှင့် ပတ်သက်၍ ထိရောက်မည့် ဗီဒီယိုနှင့် အကြောင်းအရာတိုများ ဖန်တီးပြီး ကျယ်ကျယ်ပြန့်ပြန့် သတင်းစကားပါးရန် စီစဉ်နေကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts