မွန်ပြည်နယ် ဒေသခံပြည်သူအများစု အသုံးပြုနေသည့် လိုင်စင်မဲ့ယာဉ်များကို တစ်ကျော့ပြန် စောင့်ဆိုင်း ဖမ်းဆီးမှု လုပ်ဆောင်နေသည့်အတွက် လမ်းအခြေအနေ ကြိုတင်စုံစမ်းပြီးမှ သွားလာနေရသည်ဟု ဒေသခံများကပြောသည်။
လတ်တလော မြို့နယ်အားလုံးနီးပါး၏ ကျေးရွာလမ်းကြိုလမ်းကြားများတွင် လုပ်ငန်းအတွက် အဓိကအသုံးပြုနေသည့် လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးနေသောကြောင့် ဈေးသည်များ၊ ခြံသွားလာသူများ၊ ရာဘာအစေးခြစ်လုပ်ငန်း လုပ်ကိုင်သူများ သွားလာရေး အခက်အခဲများ ကြုံနေရပြီး ပုံမှန်လုပ်ငန်းများ မလည်ပတ်နိုင်သည်အထိ ရှိလာသည်။
ထို့ကြောင့် မွန်ဒေသအတွင်း လိုင်စင်မဲ့ဆိုင်ကယ် အသုံးပြုနေရသည့် ဒေသခံများ နေ့စဉ်သွားလာရေးအတွက် ရင်ဆိုင်နေသည့် အခက်အခဲစကားသံများကို စုစည်းတင်ပြလိုက်သည်။

ချောင်းဆုံ လူငယ်အမျိုးသမီးတစ်ဦးက
“နေ့တိုင်းဖမ်းတယ်။ ဒါမဲ့တစ်ရွာပြီးတစ်ရွာပေါ့ မနေ့က ကမာမိုဘက် ဒီနေ့ဆို ဘယ်ရွာရောက်လဲမသိသေးဘူး၊ အဲ့ရွာမှာ သူတို့စောင့်နေရင် လူတွေသတိထားပြီး မသွားလာကြတော့ အဲ့လိုဆို နောက်ရွာထပ်ပြောင်းပေါ့။ သူတို့စောင့်ဖမ်းတာကလည်း ယူနီဖောင်းတော့မဟုတ်ဘူး၊ လူအဝတ်နဲ့ပဲ။ လူကိုတော့ မခေါ်သွားဘူး၊ ဆိုင်ကယ်တစ်စီးလျှင် ၁၂ သိန်းခွဲ ပြန်ရွေးရတယ်။ ရသလောက်ဖမ်းတာလည်း မဟုတ်သေးဘူး၊ တစ်ရွာဆို နှစ်ယောက် သုံးယောက်ပဲဖမ်းထားတယ်။
အခုသတိထားနေရပြီး ဘယ်မှ မသွားလာရဲတော့တာ၊ လိုင်စင်ရှိတဲ့ ဆိုင်ကယ်နဲ့ ပြောင်းစီးသွားရတာပေါ့၊ အခုအစုံပါမှ သွားရဲတယ်။ အချို့ကျကားနဲ့ သွားကြတယ်။ တစ်ရွာနဲ့တစ်ရွာသွားဖို့တောင် သတိထားရတယ်။ လိုင်စင်လည်း သူတို့မလုပ်ပေးဘူး၊ လူငယ်တွေဆို ဆိုင်ကယ်အသစ် ထွက်တိုင်းလည်း စီးချင်ကြတယ်။ သူတို့က ပြန်ရွေးဖို့ပိုက်ဆံကို ပြောလို့ရတဲ့သူဆို ကြိုက်သလောက် တောင်းတယ်။ မတူပေါ့။ ပြန်ရွေးရတဲ့ပိုက်ဆံကိုလည်း ဘယ်လောက်ဘယ်လောက် သူတို့မပြောခိုင်းဘူး၊ တောင်းခံတဲ့ငွေလည်းမတူဘူးဆိုတော့ ပြန်မရွေးဖြစ်ရင် လူနဲ့ ဆိုင်ကယ်ကို အချုပ် ၃ လ ထည့်လိုက်မယ်ပေါ့နော်”
မုဒုံမြို့နယ်မှ ကျောင်းဆရာအမျိုးသားတစ်ဦးက
ယာယီပဲစီးကြတာများတော့၊ ခြံသမားတွေ သူတို့မရှိတဲ့အချိန်သွားရတယ်။ အခုလမ်းမှာ နေ့ညမရွေး သူတို့ကြိုက်တဲ့အချိန် ဖမ်းနေတယ်။ လူငယ်တွေ ညနေပိုင်းဆိုင် လျှောက်လည်မရဲကြတော့ဘူး။ ကြားထဲ ပေါ်တာလည်းဖမ်းနေတော့ လူငယ်တွေဆို အရင်ကလိုသွားလာတာနည်းတယ်။ မုဒုံမြို့နယ်က ဖမ်းတာ အဆိုးဆုံးပဲ။ ကမာဝက်၊ ဖယ်ဒို၊ကလော့သော့၊ ဆက်သွယ် တစ်နေရာပြီးတစ်နေရာပေါ့၊ ဖယ်ဒိုအနားကရွာဆို ခြံကနေပြန်လာတာ ဖမ်းခံထိတော့ ၅ သိန်းပေးလိုက်ရတယ်။ အချို့ရွာက ဥက္ကဌရွေးပေး၊ ပြောပေးရတယ်။ ခြံကနေပြန်လာတဲ့သူတွေရဲ့ ဆိုင်ကယ်ကိုလည်း ဖမ်းသလို ဆိုင်ကယ်ရော လူပါ ဖမ်းသွားတာမျိုးပေါ့ ပိုက်ဆံနဲ့ ပြန်ထုတ်ရတယ်။ surprise check နဲ့ဖမ်းတာဆိုတော့ ဘယ်နေရာ ဖမ်းသလဲဆိုတာ အတိအကျမရှိဘူး။
ရွာထဲစောင့်ဖမ်းတာရှိလို ရွာပြင်လမ်းမကြီးမှာလည်း ဖမ်းတယ်။ ဈေးရောင်းနေတဲ့ သူတွေဆို ကြောက်လို့ ဘယ်မှမသွားရဲဘူး၊ စစ်သားတွေအရင်လာတယ်။ နောက်မှ မော်တော်ပီကယ်လည်းလာတယ်။ ခြံသွား၊ အစေးခြစ်တဲ့သူတွေကျ ကြိုဖုန်းဆက်ရတာ လမ်းဝမှာရှိတဲ့ သူတွေကိုပေါ့၊အခုဆို လိုင်စင်မဲ့ဆိုင်ကယ်နဲ့လည်း သွားမရ၊ လိုင်စင်ရှိဆိုင်ကယ်လည်း အစေးခြစ်နေရင်းပျောက်မှာစိုးရ အစေးခြစ်ဖို့ မသွားရဲကြတော့ဘူး။
ရေးမြို့ခံတစ်ဦးက
“ပြီးခဲ့တဲ့အပတ်က ဆိုင်ကယ်ဖမ်းတဲ့နေ့ကစပြီးတော့ အဲ့နေ့ကစပြီး ဆိုင်ကယ် ၇၄ စီးအသိမ်းခံလိုက်ရတယ်။ အခုချိန်ထိ ပြန်မပေးသေးတာလည်း ရှိတယ်။ လူငယ်တွေလည်း အဖမ်းခံလိုက်ရတယ်။ရေးမြို့ရယ်၊ အဝင်ပေါက်၊ ထွက်ပေါက် ၄ ပေါက်ရှိတယ်။ ချောင်းတောင်တံတားရယ်၊ အစင်၊ ဇီးဖြူသောင်းလမ်းဝရယ်၊ မော်လမြိုင်ကိုထွက်တဲ့လမ်းရယ်၊ ထားဝယ်ဘက်ကိုထွက်တဲ့လမ်းရယ် အဲ့မှာပိတ်ပြီးတော့ ဖမ်းတာပါ။
အချို့ကျတော့ မဖြစ်မနေ မြို့ထဲဝင်ရမဲ့ ကိစ္စရှိတော့ အရဲစွန့်ပြီးဝင်တယ်။ အဖမ်းခံရတဲ့သူလည်းရှိတယ်။ တစ်နေရာနှင့်တစ်နေရာသွားလာဖို့က အင်္ဂါစုံတဲ့ ဆိုင်ကယ်တွေပဲ သွားလာတော့တယ်။ ကျန်တဲ့ဟာတွေက မသွားလာကြတော့ဘူး၊ အချိူ့ကျအိမ်ပေါ်ထိ ဖမ်းမယ်ဆိုတော့ တန်ဖိုးကြီးတဲ့ဆိုင်ကယ်တွေပဲလေ စိတ်ပူနေရတယ်။




