Homeသတင်းမွန်ပြည်သစ်ပါတီ နီပွန်ဖောင်ဒေရှင်း ဒုက္ခသည်စခန်းနေရာ လေကြောင်းတိုက်ခိုက်ခံရ၊ လူထိခိုက်သေဆုံးမှုမရှိ

မွန်ပြည်သစ်ပါတီ နီပွန်ဖောင်ဒေရှင်း ဒုက္ခသည်စခန်းနေရာ လေကြောင်းတိုက်ခိုက်ခံရ၊ လူထိခိုက်သေဆုံးမှုမရှိ

-

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျားဒေသအတွင်းရှိ နီပွန်ဖောင်ဒေရှင်း ဒုက္ခသည်စခန်းနေရာကို စစ်ကော်မရှင်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

ယနေ့ ဇွန်လ ၁၈ ရက်နေ့၊ နံနက် ၁ နာရီကျော်ဝန်းကျင်းတွင် နီပွန်ဖောင်ဒေရှင်း ဒုက္ခသည်စခန်းနေရာကို စစ်ကော်မရှင်လေယာဉ်မှ ပေါင် ၅၀၀ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးမှု မရှိသော်လည်း နီပွန်ဖောင်ဒေးရှင်း ဒုက္ခသည်နေအိမ် ၄ လုံး လုံးဝပျက်စီးခဲ့ရပြီး မွန်အမျိုသားမူလတန်းကျောင်း ၁ ကျောင်းနှင့် ဥယျာဉ်ခြံအပင်များ ဗုံးစထိမှန်ပျက်စီးခြင်းများရှိကြောင်း မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“ လူကတော့ ထိခိုက်သေဆုံးမှုတော့ မရှိဘူး။ ပထမတစ်လုံး ကြဲတာနဲ့ လူတွေက အိပ်ယာကနေ ကမန်ကတန်း ထပြေးကြတယ်။ အဲကြောင့် ဒုတိယတစ်လုံး ထပ်ချတာက လူမထိတာ။ အိမ် ၄ လုံးကတော့ အကုန်ပျက်စီးသွားတယ်။ အဲမှာရှိတဲ့ မူလတန်းကျောင်းလည်း နည်းနည်းထိသွားတာ ရှိတယ်။ ပြောရရင် တစ်ရွာလုံးနီးပါးက ထိခိုက်ပျက်စီးမှု ရှိတယ်” ဟု ပြောသည်။

လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ နေရပ်ပြန်လာသည့် ဒေသခံအချို့ ဘေးလွတ်ရာ ပြန်လည်တိမ်းရှောင်နေရကြောင်း ဆိုသည်။

ရေးချောင်းဖျားဒေသရှိ ကျေးရွာများဘက်ကို စစ်ကော်မရှင်က လေယာဉ်ဖြင့် အချိန်မရွေး လာရောက်ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် လုံခြုံမှုမရှိတော့ကြောင်းလည်း ဆိုသည်။

“ရေးချောင်းဖျားဒေသကတော့ နေထိုင်ဖို့ လုံးဝကို စိတ်ချလို့ရမဲ့ ဒေသမဟုတ်တော့ဘူး။ သူတို့ လေယာဉ်တွေကလည်း အသံမထွက်ဘူး။ ညက သူတို့ လာကြဲပြီးမှ လေယာဉ်သံကြားရတယ်။ အဲဘက်ကလူတွေလည်း ဘေးလွတ်ရာဒေသမှာပဲ နေစေချင်သေးတယ်။ အဲဒီရွာတွေကို ပြန်လာနေဖို့ လုံခြုံမှု မရှိတော့ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း နီးပွန်ဖောင်ဒေရှင်း ဒုက္ခသည်စခန်းအနီးရှိ နေရာများကို စစ်ကော်မရှင်က လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူတစ်ဦး ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts