မွန်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးအစုအဖွဲ့များကြား အကောင်ထည်ဖော်နေသည့် မွန်ပြည်တော်လှန်ရေးချာတာ ရေးဆွဲရေးအစီအစဉ်မှ မကြာမီတွင် ချာတာမူကြမ်းတစ်ရပ် ပေါ်ထွက်လာရန်ရှိကြောင်း မွန်နိုင်ငံရေးအသိုင်းအဝိုင်းမှ ပြောပြချက်အရ သိရသည်။
၂၀၂၆ ခုနှစ် မတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ၃ ရက်တာတွင် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ ဦးဆောင်ပြီး “မွန်တော်လှန်ရေးဖိုရမ်” တစ်ရပ်ကို ကျင်းပခဲ့ပြီးနောက် မွန်ပြည်ကို ကိုယ်စားပြုနိုင်သည့် ချာတာတစ်ခု စတင်ရေးဆွဲအကောင်ထည်ဖော်ခဲ့သည်။

ရေးဆွဲရေးလုပ်ငန်းစဉ်အချို့တွင် ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်နေရသဖြင့် အနည်းငယ်ကြန့်ကြာနိုင်သော်လည်း ချာတာမူကြမ်းတစ်ရပ် မကြာမီ ပေါ်ထွက်ရန် ကြိုးပမ်းနေကြောင်းလည်း ရေးဆွဲရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူများက ပြောသည်။
မွန်ပြည်ဖယ်ဒရယ်ကောင်စီ၏ ကာကွယ်ရေးဌာနမှူးက"မွန်ပြည်ကို ကိုယ်စားပြုနိုင်တဲ့ ဦးဆောင် Body တစ်ခုဖြစ်လာဖို့အတွက်ကတော့ အားလုံးသိတဲ့အတိုင်း မွန်တော်လှန်ရေး ဖိုရမ်ကနေ နောက်ဆက်တွဲအနေနဲ့ချာတာ ရေးဆွဲတဲ့ လုပ်ငန်းစဉ်တွေ စနေတယ်ပေါ့လေ။ အဲ့ကိစ္စကတော့ ချာတာတွေ ရေးဆွဲပြီးတဲ့အခါကျမှပဲ ကျနော်တို့ဆက်ပြီးတော့ ပြောလို့ရပါမယ်။" ဟု ဆိုသည်။
အဆိုပါချာတာအတွင်း မွန်ပြည်နယ်တစ်ခုလုံးကို အခြေခံသည့် ဖက်ဒရယ်နိုင်ငံရေးပုံစံတစ်ခုအဖြစ် တည်ဆောက်ရန် လိုအပ်သည်များ ပါဝင်နိုင်သည်ဟုလည်း မွန်နိုင်ငံရေးအသိုင်းအဝိုင်းမှ ပြောဆိုသုံးသပ်လျှက်ရှိသည်။
မွန်တော်လှန်ရေးနှင့် နိုင်ငံရေးအစုအဖွဲ့များမှ ချာတာမူကြမ်းတစ်ရပ်ထွက်လာပါက ပြည်သူလူထုထံ ချပြသွားရန်ရှိသည်ဟု ရေးဆွဲရေးလုပ်ငန်းတွင် ပါဝင်သူတစ်ဦးက IMNA သို့ ပြောကြားသည်။
ရာမညဒေသအား ဘက်စုံလေ့လာနေသည့် ရာမညဒေသသုတေသနအဖွဲ့(CRS) စာတမ်းမှ ချာတာအတည်ပြုမှုအဆင့်တွင် မွန်ပြည်သူအကျိုးကို လိုလားသော မွန်ပြည်သူ/ပြည်သားများသာလျှင် အဆုံးဖြတ်ပေးရမည်ဟု တိုက်တွန်းထားသည်။
မွန်ပြည်သူများမဟုတ်ဘဲ သြဇာခံတစ်စုံတစ်ယောက်မှ ဆုံးဖြတ်မိပါက ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့် သွေဖီသွားနိုင်ကြောင်း၊ ချာတာခုံရုံးတစ်ခု ဖွဲ့စည်းရန်လိုအပ်ကြောင်းလည်း အကြုံပြုထားသည်။
၂၀၂၆ ခုနှစ် မတ်လအတွင်း ကျင်းပခဲ့သည့် မွန်တော်လှန်ရေးဖိုရမ်သည် မွန်နိုင်ငံရေးအခင်းအကျင်းတွင် အရေးပါသော အလှည့်အပြောင်းတစ်ခု ဖြစ်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း မွန်နိုင်ငံရေး လေ့လာသူတစ်ဦးက IMNA သို့ ပြောကြားသည်။
" ရေးဆွဲဆဲကာလဖြစ်တဲ့အတွက် ဘယ်ဟာက ဘာလဲဆိုတာ သေချာမပြောနိုင်ဘူး။ ဒါက ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ဖို့ ရှေ့ပြေးအစီအစဉ်တစ်ရပ်လည်းဖြစ်တယ်။ မွန်နိုင်ငံရေး အခင်းအကျင်းမှာလည်း ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်။"ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လဒုတိယပတ်အတွင်း ပြုလုပ်ခဲ့သည့် မွန်တော်လှန်ရေးဖိုရမ်မှ တူညီသည့် ဘုံသဘောထား ရပ်တည်ချက်များကို အခြေခံကာ မွန်ပြည်တော်လှန်ရေးချာတာကို သုံးလမှ ခြောက်လအတွင်း အချိန်ယူ ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။



