Homeသတင်းကျိုက်မရောအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ လောင်းကစားဝိုင်းတိုးချဲ့ရန် မြေကွက်များဝယ်ယူ

ကျိုက်မရောအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ လောင်းကစားဝိုင်းတိုးချဲ့ရန် မြေကွက်များဝယ်ယူ

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်း၍ လောင်းကစားဝိုင်းများ တိုးချဲ့ဖွင့်လှစ်ရန် ပြည်သူပိုင် မြေကွက်များကို လိုက်လံဝယ်ယူနေကြောင်း ကျိုက်မရောဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ကျိုက်မရောမြို့နယ်၊ ဖက်တေးကုန်းကျေးရွာတွင် အလျား ၁၀၀ ပေ၊ အနံ ပေ ၄၀ ရှိ မြေကွက်ကို ပြီးခဲ့သည့်နှစ်က ကျပ်သိန်ပေါင်း သုံးသိန်းလေးရာကျော်ဖြင့် ဝယ်ယူခဲ့ပြီး လက်ရှိတွင် လောင်းကစားရုံဖွင့်လှစ်ထားကြောင်း ဖက်တေးကုန်းဒေသခံတစ်ဦးက ဆိုသည်။

အလားတူ ကျိုက်မရောမြို့နယ် ကော့ပလိုင်းကျေးရွာတွင်အပြင်ရှိ မြေကွက်များကိုလည်း လိုက်လံဝယ်ယူထားပြီး စစ်ဆေးရေးဂိတ်သဖွယ် အသွင်ယူကာ လောင်းကစားဝိုင်းများ ဖွင့်လှစ်လုပ်ကိုင်လျှက်ရှိသည်။

“ဝယ်ထားတဲ့မြေကွက်က ဂိတ်ကြေးကောက်သလို ပုံမျိုးဆောက်ထားပြီးတော့ အထဲမှာ မိုးလုံလေလုံအဆောက်အအုံဆောက်ထားတယ်။ အဲဒီအဆောက်အအုံမှာ လောင်းကစားဝိုင်းတွေဖွင့်ထားတယ်။ နေ့ရောညရော ကစားနေတဲ့သူတွေ ရှိနေတာပဲ။ တစ်ယောက်မှ သူတို့ကိုသွားမပြောရဲဘူး။” ဟု ဆိုသည်။

ဝယ်ယူထားသည့် မြေကွက်ပေါ် ဆောက်လုပ်ထားသည့် မိုးလုံလေလုံအဆောက်အဦးများတွင် လောင်းကစားလုပ်ငန်းများ စနစ်တကျ လည်ပတ်နေပြီး လုံခြုံရေးအကာကွယ်များလည်းရှိကြောင်း ဆက်ပြောသည်။

လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားသည့် အခြေအနေနှင့်ပတ်သက်၍ ဒေသတွင်း လွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြခဲ့သော်လည်း အဆိုပါ လောင်းကစားဝိုင်းများကို စစ်ဘက်အရာရှိများနှင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို လက်ကိုင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဦးဆောင်လုပ်ကိုင်နေသဖြင့် ယင်းကိစ္စအား တာဝန်ယူဖြေရှင်းပေနိုင်ခြင်းမရှိဟုလည်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

သံဖြူဇရပ်မှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ်နှင့် နီးစပ်သူအမျိုးသမီးတစ်ဦးက “လောင်းကစားဝိုင်းနဲ့ပတ်သက်ပြီးတော့ တိုင်တဲ့လူတွေရှိပါတယ်။ ဒါပေမဲ့ လွတ်တော်အမတ်တွေပြောကြားချက်က  ဒီလောင်းကစားဝိုင်းကို သူတို့မရှင်းလင်းပေးနိုင်ဘူး။ နယ်လုံကို အကြောင်းကြားပေးတာလောက်ပဲ လုပ်ပေးနိုင်တယ်တဲ့။” ဟု ဆိုသည်။

လောင်းကစားဝိုင်းများ၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် ခိုးမှု၊ ဆိုးမှုနှင့် လုယက်မှုများ မြင့်တက်လာကာ မွန်ဒေသခံများ၏ နေ့စဉ်သွားလာလှုပ်ရှားမှုများပင် လုံခြုံမှုကင်းမဲ့လာသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိဖွင့်လှစ်လျက်ရှိသည့် လောင်းကစားဝိုင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် မွန်ဒေသခံများက လိုလားနေကြသည်။ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts