မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်း ရှောင်နေကြသည့် စစ်ဘေးရှောင်ဦးရေ ၇၀၀ ခန့်က အရေးပေါ်အကူအညီ လိုအပ်နေသည်ဟု စစ်ဘေးအရေးအကူအညီပေးနေသူများက ပြောသည်။
စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ဆက်တိုက်ခံခဲ့ရသည့်အပြင် နေ့စဉ် လေယာဉ်ဖြင့် ကင်းထောက်ပျံ့ဝဲနေမှုကြောင့် ကင်မွန်း၊ ချောင်းနှစ်ခွ၊ အပေါ်ရစ်ချောင်း၊ အောက်ရစ်ချောင်း၊ တယ်ပြားကျေးရွာမှ လူဦးရေ ၇၀၀ ဝန်ကျင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မွန်စစ်ရှောင်အရေး အကူအညီပေးနေသူတစ်ဦးက ပြောသည်။

“လူဦးရေကတော့ သေသေချာချာ မကောက်ရသေးဘူး။ ကျနော်တို့ သွားရောက်ထောက်ပံ့ထားသလောက်ဆိုရင် လူဦးရေ ၆၅၀ နဲ့ ၇၀၀ ကြားရှိတယ်။ အချို့ကျတော့ နေ့ခင်းပိုင်း တစ်ချက်ပြန်လာကြည့်တယ်၊ ညပိုင်းဆို မအိပ်ရဲဘူး။ အခြားရွာတွေမှာပဲ နေတယ်” ဟု သူက ပြောသည်။
စစ်ဘေးရှောင်များသည် ဘေးလွတ်ရာ တောတောင်ဥယျာဉ်ခြံ၊ ခလောက်ခနီ၊ ကျောင်းရွာနှင့် ရေးမြို့ဘက်သို့ ထွက်ပြေးခိုလှုံနေကြောင်း ဆိုသည်။
တိမ်းရှောင်နေသူအများစုတို့ ချဲတိုက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် ဥယျာဉ်ခြံများတွင် အစုအပြုံနေထိုင်နေကြပြီး စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းနှင့် အမိုးအကာများ လိုအပ်နေသည်ဟု သူက ဆက်ပြောသည်။
“ ချဲတိုက်မှာပဲ လာစုပြုံနေတယ်။ လောလောဆယ်တော့ အရေးပေါ်အကူညီတွေ ဖြစ်တဲ့ ဆန်တွေ၊ အခြေခံစားသောက်ကုန်တွေ၊ အခြေခံဆေးဝါးတွေပေါ့နော်။ ပြီးတော့ အမိုးအကာတွေလည်း လိုနေတယ်။ ရေးကနေ စားနပ်ရိက္ခာတွေကို ဒီဘက်ကို ပို့ဖို့ စစ်ကော်မရှင်ဂိတ်တွေမှာ နည်းနည်းတင်းကြပ်ချင်သလို ဖြစ်နေတယ်” ဟု ပြောသည်။
လက်ရှိအခြေအနေအရ စစ်ရှောင်များကို လာရောက်ကူညီသူများ နည်းပါးနေသည့်အတွက် ထွက်ပြေးစဉ် ယူဆောင်လာသည့် စားနပ်ရိက္ခာ၊ ငွေကြေးအချို့နဲ့သာ ဝယ်ယူစားသုံးနေကြရပြီး အချိန်ကြာလာလျှင် အခက်အခဲဖြစ်နိုင်သည်ဟု စစ်ရှောင်အရေးအကူအညီပေးနေသူများက ပြောသည်။
ရေးချောင်းဖျားဒေသတွင် နေ့စဉ်နီးပါး လေယာဉ်ပျံဝဲနေသည်မှာ နှစ်ပတ်ကျော် ကြာမြင့်လာပြီး ပုံမှန်မဟုတ်သည့် အချိန်များဖြင့် နေ့ရောညပါ ကင်းထောက်ပျံဝဲမှုများ လုပ်ဆောင်နေကြောင်း ရေးချောင်းဖျားဒေသခံတစ်ဦးက ပြောသည်။
“လေယာဉ်ဝဲနေတာက ပုံမှန်မရှိဘူး။ တခါတလေကျရင် နေ့လည်ပိုင်း ၁ နာရီဝန်းကျင်၊ တခါတလေကျရင်လည်း ညပိုင်း၊ ပြီးတော့ ည ၁၀ နာရီ ၁၁ နာရီ အဲ့လို ဝဲနေတာ၊ ဝဲနေတာကတော့ နေ့တိုင်းပဲ။ ” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ဒေသခံများ နေရပ်မပြန်သေးဘဲ ကျေးရွာအတွင်းကျန်ရှိနေသူများလည်း ထပ်မံထွက်ပြေးတိမ်းရှောင်ရန်ရှိသည်ဟုလည်း ဒေသခံကဆက်ပြောသည်။
ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က ကင်မွန်းကျေးရွာနှင့် အနီးတစ်ဝိုက်နေရာများကို စစ်ကော်မရှင်က တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဇွန်လ ၃ ရက်နေ့ကလည်း ချောင်းနှစ်ခွကျေးရွာအနီး ကြဲချတိုက်ခိုက်ခဲ့ပြီး လူသေဆုံးမှုများရှိခဲ့သည်။




