မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုများ၏ ရပိုင်ခွင့်ကို လျစ်လျူရှု့ကာ ပြည်ထောင်စုကို တည်ဆောက်၍ မရကြောင်း နိုင်ငံရေးသုံးသပ်သူများက IMNA မှတစ်ဆင့် သုံးသပ်ပြောဆိုသည်။
မေလ ၂၆ ရက်နေ့က စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကိုရအောင် တည်ဆောက်မည်ဖြစ်ကြောင်းနှင့် ဖက်ဒရယ်ဟုဆိုရာတွင်လည်း နယ်မြေဒေသကိုပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်သည်ကို သိရှိနားလည်ရန်လိုသည်ဟု ၄င်း၏ အစိုးရအစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသားလူမျိုးစုတို့၏ ရပိုင်ခွင့်များ ဆုံးရှုံးခဲ့ခြင်းကြောင့် ပြည်တွင်းစစ်များဖြစ်ပွားခဲ့ပြီး နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်ခဲ့ကြောင်း၊ တိုင်းရင်းသားပေါင်းစုံ နေထိုင်သော နိုင်ငံတွင် လူမျိုးစုကို အခြေပြု၍ တိုင်းပြည်ကို တည်ဆောက်ရမှာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။

“ တိုင်းရင်းသားလူမျိုးတွေပေါ်မှာ အခြေပြုတဲ့ စဉ်းစားဆောင်ရွက်မှုကို မလုပ်နိုင်ရင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်နဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ အခြေခံပေါ်မှာ မစဉ်းစားဘဲနဲ့ လုပ်ဆောင်နေမယ်ဆိုရင် ဒီနိုင်ငံရဲ့ နိုင်ငံရေးပြဿနာက ဖြေရှင်းဆောင်ရွက်နိုင်ဦးမယ့် အခြေအနေမျိုး မရောက်နိုင်ဘူးလို့ ကျနော်တော့ သုံးသပ်တယ်” ဟု ပြောသည်။
ဖက်ဒရယ်ဟုဆိုရာတွင် အာဏာခွဲဝေရေးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လူမျိုးကို အခြေခံသည့် ပြည်နယ်များမှာ လွတ်လပ်ရေးရရှိကတည်းက ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ဒေသကို အခြေပြုသည့် ဖက်ဒရယ်၊ လူမျိုးကို အခြေပြုသည့် ဖက်ဒရယ်များလည်း ပေါ်ပေါက်ပိုင်ခွင့်ရှိကြောင်း နိုင်ငံရေး သုံးသပ်သူများက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လူမျိုးအခြေပြုပြည်နယ်များအနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယား (ကရင်နီ)ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် စသဖြင့် ဖွဲ့စည်းထားသည်။
မွန်၊ ကရင် စသည့်ပြည်နယ်တို့သည်လည်း မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားခြင်းဖြစ်တာကြောင့် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း အသစ်ပြန်၍ ရေးဆွဲရမည့် သဘောဖြစ်နေကြောင်း မွန်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
“အခုလက်ရှိ ပကတိရှိနေတဲ့ မွန်၊ ကရင်အနေအထားက ဖွဲ့စည်းပုံအညီနဲ့ ရှိနေတဲ့ဟာ ဒါကို ပြန်ပြင်မယ်ဆိုရင်တော့ အခြေခံဥပဒေပါ ပြန်ပြင်ရမယ့် သဘော၊ ဒါမှမဟုတ် အခြေခံဥပဒေရော အသစ်ပြန်ဆွဲရမယ့် သဘောဖြစ်သွားမယ်။ ဒီအခြေအနေမှာပဲ၊ ဒီအနေအထားပေါ်မှာပဲ ဖက်ဒရယ်ပေးရင်လည်း ပေးလို့ရတာပဲလေ။ အခုပကတိအခြေအနေမှာလည်း တိုင်းဒေသကြီး ၇ ခုနဲ့ ပြည်နယ် ၇ ခုကို လုပ်ပိုင်ခွင့်တွေ တိုးမြှင့်ပေးမယ်၊ အခြေခံဥပဒေအရ အာဏာခွဲဝေမှုတွေ တိုးမြှင့်ပေးမယ်ဆိုရင် ဒါလည်း ဖက်ဒရယ်ဖက်ကို ရွေ့သွားတဲ့ ပြောင်းလဲမှု အရွေ့ဖြစ်တာပဲလေ၊ အဲဒီအနေအထားဆိုရင် လက်ခံနိုင်ပါတယ်။ ” ဟု ပြောသည်။
ဖွဲ့စည်းပုံအရ နယ်မြေဒေသများ သတ်မှတ်ထားသော်လည်း လုပ်ပိုင်ခွင့်အာဏာများတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များ မရှိကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုနှစ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၄ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ခု နှင့် ပြည်ထောင်စုနယ်မြေ ၁ ခု စသဖြင့် ဖွဲ့စည်းထားသည်။
မေလ ၂၆ အစည်းအဝေးတွင် စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်မှ ဖက်ဒရယ်ဟူသည့် စကားအသုံးအနှုန်းကို အကြိမ်ကြိမ်ပြောဆိုခဲ့သည့်အပြင် လာမည့် ငါးနှစ်အတွင်း ထာဝရငြိမ်းချမ်းရေး ရအောင် ကြိုးပမ်းသွားမည်ဟုလည်း ဆိုသည်။



