မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့စနိုင်ရပ်ကွက် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးကို ဆိုင်အတွင်းဝင်ရောက်လာသည့် အမည်မသိ သေနတ်သမားနှစ်ဦးမှ အနီးကပ် ပစ်ခတ်ခဲ့ကြောင်း ကျိုက်ထိုဒေသခံများထံမှ သိရသည်။
ယနေ့ ဇွန်လ ၄ ရက်နေ့၊ နံနက် ၆ နာရီခွဲကျော်ခန့်တွင် ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ ဗိုလ်ချူပ်လမ်းရှိ အ.ထ.က(၂) ကျောင်းရှေ့ရှိ ရွှေချိုးဖြူထမင်းနှင့် လက်ဖက်ရည်ဆိုင်သို့ အမျိုးသားနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ဈေးဝယ်သူကဲ့သို့ ဝင်ရောက်လာခဲ့သည်။
ထို့နောက် ဆိုင်ရှင်ဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဝန်းကျင်ရှိသည့် ဦးကျော်စွာကို သေနတ်အတိုဖြင့် ငါးချက်ခန့် အနီးကပ် ပစ်သတ်ခဲ့သည်ဟု ဆိုသည်။

“ကိုကျော်စွာက သားသမီး ၃ ယောက်နဲ့ ဇနီးတစ်ယောက်ရှိတယ်။ သူက မနက်ပိုင်း ဆိုင်ဖွင့်ပြီး ပြင်ဆင်နေတာ။ ကောင်လေးနှစ်ယောက်က ဆိုင်ကယ်နဲ့လာတယ်၊ ဆေးလိပ်ဝယ်သလိုနဲ့ ပိုက်ဆံရှင်းတဲ့အချိန်မှာ ပစ်သတ်လိုက်တယ်။ ပြီးတော့ သူတို့ဆိုင်ကယ်နဲ့ သူတို့ထွက်ပြေးသွားတယ်။” ဟု ကော့စံနိုင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ဦးကျော်စွာထံ ဘယ်ဘက်ပါးနှင့် လက်မောင်းအပြင် ညာဘက်ရင်ဘတ်နှင့် လက်ဖျံတွင် ကျည်ဖောက်ဝင်ဒဏ်ရာများ တွေ့ရပြီး၊ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင့် ထိုသူက ဆက်ပြောသည်။
ထိုအပြင် အုပ်ချုပ်ရေးမှူနှင့် ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာ နေရာကို လာရောက်စစ်ဆေး ကြည့်ရှုခဲ့သော်လည်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာရှင်းလင်းပြောကြားခြင်းနှင့် အရေးယူဆောင်ရွက်မှုများ မတွေ့ရကြောင်း ဒေသခံများက ပြောသည်။
“ဖြစ်သွားရင် ကိုယ်ပဲခံရတယ်။ လာကြည့်ပြီးတော့ ဘာမပြောဘဲ ပြန်သွားကြတယ်။ ကိုကျော်စွာက ကျွန်တော်တို့သိသလောက်က သာမန်လူတစ်ယောက်ပဲ စစ်တပ်တွေနဲ့ ပတ်သက်တာမျိုးတွေလည်း မတွေ့ရဘူး။ သူများနဲ့ ရန်ဖြစ်ထားတာမျိုးတွေလည်းမရှိဘူး။ ဒါမဲ့ သူ ဘာလျှိုဝှက် လုပ်ထားပြီး အခုလိုဖြစ်တာတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်စစ်ဆေးပြီးနောက် လက်ရှိတွင် နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီးဖြစ်ကြောင်းလည်း သိရသည်။
ပစ်ခတ်မှုကျူးလွန်သူများသည် ဖြစ်စဉ်အပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများမရှိ သေးကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ (၂၈) ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်တွင် ဘီးလင်းမြို့ခံအမျိုးသားတစ်ဦးအား စစ်ကာင်စီတပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရသေးသည်။




