Homeသတင်းမွန်အမျိုးသားကျောင်းမှ အစိုးရကျောင်းပြောင်းမည့် ကျောင်းသားများ Placement Test ဖြေဆိုရမည်

မွန်အမျိုးသားကျောင်းမှ အစိုးရကျောင်းပြောင်းမည့် ကျောင်းသားများ Placement Test ဖြေဆိုရမည်

-

မွန်အမျိုးသားကျောင်းများမှ အစိုးရအခြေခံပညာကျောင်းများသို့ ပြောင်းလဲတက်ရောက်လိုသူ ကျောင်းသား၊ ကျောင်းသူများသည် ယခုပညာသင်နှစ်တွင် Placement Test ဦးစွာဖြေဆိုအောင်မြင်ပြီးမှသာ တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က မွန်အမျိုးသားကျောင်းမှ အစိုးရကျောင်းသို့ ပြောင်းရွှေ့တက်ရောက်ရာတွင် ကျောင်းပြောင်းရွှေ့ထောက်ခံချက်ဖြင့် တိုက်ရိုက်ပြောင်းတက်နိုင်ခဲ့သော်လည်း ယခုတွင် Placement Test ဖြေဆိုရန် သီးခြားသတ်မှတ်ထားခြင်းဖြစ်ကြောင်း မွန်အမျိုးသားပညာရေးကော်မတီ(MNEC) တာဝန်ရှိသူများက ပြောသည်။

(MNEC) မှ ဆရာမင်းအောင်ဇေက "ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းသားတွေရော ကျောင်းသားမိဘတွေရော စိတ်ပူနေမယ်လို့ ထင်တယ်။ မွန်အမျိုးသားကျောင်းကနေ အစိုးရကျောင်းကို ပြောင်းတက်နိုင်ဖို့ဆိုတာ နှစ်တိုင်း ညှိနှိုင်းဆွေးနွေးရတယ်။ ဒီလို ဖြတ်သန်းလာတာ နှစ် ၅၀ လောက်ရှိပြီ။ ဒီနှစ်လည်း ပြန်ညှိနှိုင်းရပေမယ့် ထူးခြားသွားတာက Placement Test ဖြေရမယ်ဆိုတာပဲ” ဟု မွန်အမျိုးသားပညာရေး စကားဝိုင်းဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

ကျောင်းသားများ၏ ပညာအရည်အချင်းကြောင့် Placement Test ဖြေဆိုရခြင်း မဟုတ်ဘဲ သီးခြားအုပ်ချုပ်ရေးစနစ်အောက်တွင် လည်ပတ်နေသည့် မွန်အမျိုးသားကျောင်းများအတွက် ဥပဒေဆိုင်ရာ သတ်မှတ်ချက်များကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မွန်အမျိုးသားကျောင်းများသည် မွန်အမျိုးသားပညာရေးစနစ်အောက်တွင် လည်ပတ်နေပြီး ယခင်ကတည်းက အစိုးရကျောင်းများနှင့် တိုက်ရိုက်ချိတ်ဆက်မှု မရှိခဲ့သော်လည်း ၁၉၉၅ ခုနှစ်နောက်ပိုင်း မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရအကြား ညှိနှိုင်းမှုများအရ ကျောင်းသားများအတွက် အစိုးရစာမေးပွဲ အပြင်ဖြေအဖြစ် ဖြေဆိုခွင့်နှင့် ကျောင်းပြောင်းရွှေ့ခွင့်များ ရရှိလာခဲ့ကြောင်း သိရသည်။

သို့သော် ယင်းသဘောတူညီချက်များကို တရားဝင်စာချုပ်ပုံစံဖြင့် သေချာမှတ်တမ်းတင်ထားခြင်း မရှိသည့်အတွက် ပညာရေးဝန်ထမ်းများနှင့် ကျောင်းအုပ်ချုပ်ရေးပိုင်း ပြောင်းလဲသည့်အခါတိုင်း သဘောတူညီချက်ဟောင်းများကို ပြန်လည်ရှင်းပြပြီး နှစ်စဉ် ညှိနှိုင်းနေရကြောင်းလည်း မွန်အမျိုးသားပညာရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကျောင်းသားတွေ ကျောင်းမပြောင်းဘူးဆိုရင် အခက်အခဲမရှိဘူး။ ၁၀ တန်းစာမေးပွဲကို အပြင်ဖြေအနေနဲ့ ဖြေလို့ရတယ်။ ကျောင်းပြောင်းချင်တဲ့သူတွေအတွက်ပဲ Placement Test ဖြေရတာ ဖြစ်တယ်။ အရည်အချင်းကြောင့်မဟုတ်ဘူး၊ ဥပဒေကြောင့် နည်းနည်းခက်နေတာ။ ညှိနှိုင်းရင် အဆင်ပြေသွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။

စစ်ကော်မရှင် ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Placement Test ကို လာမည့် ဇွန် ၁၅ ရက်မှ ၂၀ ရက်အထိ သက်ဆိုင်ရာ မြို့နယ်စာစစ်ဌာနများတွင် ကျင်းပသွားမည်ဖြစ်ပြီး ဇွန်လ ၅ ရက်နေ့တွင် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Placement Test အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်ကာ အစိုးရအခြေခံပညာကျောင်းများတွင် ပြန်လည်တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts