Homeသတင်းမွန်အမျိုးသားကောလိပ်မှ ပညာရေးဆိုင်ရာဘွဲ့ကို (BA Education) အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်

မွန်အမျိုးသားကောလိပ်မှ ပညာရေးဆိုင်ရာဘွဲ့ကို (BA Education) အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်

-

မွန်အမျိုးသားကောလိပ်မှ ပညာရေးဆိုင်ရာဝိဇ္ဇာဘွဲ့ (Bachelor of Arts in Education – BA Education) သင်တန်းကို ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တိုးမြှင့်ဖွင့်လှစ်ထားပြီး၊ လျှောက်လွှာများကို စတင်လက်ခံနေပြီးဖြစ်ကြောင်း သိရသည်။

မွန်မျိုးသားကောလိပ်လက်အောက်ရှိ ပညာရေးဘာသာရပ်ဆိုင်ရာဌာနမှ ယခင်ပညာသင်နှစ်များတွင် ပညာရေးဆိုင်ရာတွဲဖက်ဒီဂရီဘွဲ့ (Associate Degree in Education) အဆင့်သာ သင်ကြားပေးနိုင်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်း ပိုမိုမြင့်မားလာစေရန်နှင့် ဘွဲ့ကြိုသင်တန်းများအထိ ဆက်လက်တက်ရောက်နိုင်ရန်အတွက် ၄ နှစ်သင််ပညာရေးဘွဲ့ (BA Education) အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မွန်အမျိုးသားကောလိပ်မှ သိရသည်။

ကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာပညာမွန်က “တွဲဖက်ဒီဂရီဘွဲ့ (Associate Degree)က ဝိဇ္ဇာဘွဲ့ (Bachelor Degree) ရဲ့ တစ်ဝက်ပဲ ရှိသေးတယ်။ BA ရဖို့ဆို Course Credit ၁၂၀ ရှိရမယ်။ တက်ရမယ့် ဘာသာရပ်တွေများလာမယ်။ လက်တွေ့သင်ခန်းစာတွေလဲ များလာမယ်။ ” ဟု သူကဆိုသည်။

ပညာရေးဝိဇ္ဇာဘွဲ့သင်တန်းအတွက် လျှောက်လွှာများကို မေလ ၂၅ ရက်နေ့တွင် စတင်လက်ခံနေပြီး၊ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် လျှောက်ထားသူများအနက် လူတွေ့စစ်ဆေးရန် ရွေးချယ်ခံရသူများကို လာမည့်ဇွန်လ ၂၀ ရက်နေ့တွင် အကြောင်းကြားသွားမည်ဟုလည်း ဆိုသည်။

မွန်အမျိုးသားကောလိပ်အနေဖြင့် မွန်လူမျိုးများအကြား ပညာရေးကဏ္ဍ အဆင့်အတန်း မြင့်မားလာစေရေး ဒေသအတွင်း အရည်အချင်းပြည့်ဝသည့် ဆရာ၊ ဆရာမကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပညာရေးဝိဇ္ဇာဘွဲ့အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“ ပညာရေးဝိဇ္ဇာဘွဲ့ဖွင့်ဖို့ကို မနှစ်ကတည်းက သဘောတူခွင့်ပြုထားပါတယ်။ အစပိုင်းမှာ ကျောင်းသား၊ ကျောင်းသူတွေဘက်က ဝိဇ္ဇာဘွဲ့တက်ဖို့ တောင်းဆိုလာတာ။ တချို့က နိုင်ငံခြားမှာ ဘွဲ့ဆက်တက်ဖို့ ငွေကြေးအခက်အခဲရှိသလို ပညာသင်ဆုရဖို့လည်း မလွယ်ဘူး။ ဒါကြောင့် ကောလိပ်ပြီးထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေက ဘွဲ့ကြိုအဆင့် ဆက်တက်နိုင်ဖို့ တောင်းဆိုလာကြတယ်။ ဒီနှစ်မှာတော့ စတင်ဖွင့်လှစ်နိုင်ခဲ့တယ်” ဟု ဒေါက်တာပညာမွန်က ပြောသည်။

ပညာရေးဆိုင်ရာဝိဇ္ဇာဘွဲ့သင်တန်းသို့ မွန်အမျိုးသားကောလိပ် ပညာရေးဆိုင်ရာဌာနမှ ပညာရေးဒီပလိုမာ (Associate Degree) ရရှိထားသူများ၊ သင်ကြားရေးအတွေ့အကြုံ အခြေခံရှိပြီး အရည်အချင်းပြည့်မီသည့် ကျောင်းသူ/ကျောင်းသားဟောင်းများ လျှောက်ထားနိုင်မည် ဖြစ်သည်။

အလားတူ မွန်အမျိုးသားကောလိပ်မှ ယခုပညာသင်နှစ်အတွင်း မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာဘာသာရပ်နှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာဘာသာရပ်ကို BA အဆင့်အထိ ထပ်မံဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

မွန်အမျိုးသားကောလိပ်သည် ၂၀၂၃ ခုနှစ်တွင် သူနာပြုသိပ္ပံဘွဲ့ (Bachelor’s Degree Program in Nursing Science) ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ်တွင် လူမှုရေးသိပ္ပံဘွဲ့ (Bachelor’s Degree Program in Social Science) ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

ပုံ-Mon National College

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts