မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူတို့၏ ကြပ်မတ်မှု အားနည်းခြင်းကြောင့် ကျောင်းနေအရွယ် ကလေးများ လမ်းပေါ်တောင်းရမ်းမှု များနေဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။
မော်လမြိုင်မြို့ ကမ်းနားလမ်းနှင့် ညဈေးတန်း၊ ဈေးကြိုမီးပွိုင့်နှင့် အခြားလူစည်ကားရာနေရာများတွင် ပုံသေမရှိသည့် တောင်းရမ်းနေစာသော်သူ ကလေးများ ရာဂဏန်းအထိ ရှိလာကြောင်း ကလေးသူငယ်အရေး ဆောင်ရွက်သူများ၏ အချက်အလက်များအရ သိရသည်။
နောက်ကွယ်တွင် ငွေကြေးခေါင်းပုံဖြတ်သည့်ဂိုဏ်များ၊ အုပ်ထိန်းသူများ အဓိကပါဝင်နေပြီး မြို့နယ်၊ ရပ်ကျေးတာဝန်ရှိသူများမှ ထိန်းသိမ်းကြပ်မတ်မှုမရှိပါက ယခုကဲ့သို့ ငွေကြေးကို အလွယ်တကူရယူနိုင်သည့် နည်းလမ်းဖြင့် ရှာဖွေမှုလုပ်ဆောင်နေကြောင်း ကလေးသူငယ်အရေး လှုပ်ရှားနေသူတစ်ဦးက ပြောသည်။

“၃ နှစ်ကလေးကနေ အရွယ်စုံ ၁၄ နှစ်အထိ ၈၀ ရာခိုင်နှုန်း လူကြီးက ၂၀ ရာခိုင်နှုန်းရှိတယ်။ အောက်ခြေပိုင်း အားနည်းချက်ပေါ့၊ ရာအိမ်မှူးဖြစ်ဖြစ်၊ မြို့နယ်မှူးဘက်ကနေ သူတို့မှာလည်း တာဝန်ရှိတယ်။ ရပ်ကွက်က သူတွေ အကျင့်ပျက်ပြားတဲ့အလုပ်မျိုး မပေးဖြစ်ချင်ဘူး ဆိုရင် အနီးကပ်ထိန်းသိမ်းရမယ်။ သက်ဆိုင်ရာ နယ်မြေတာဝန်ခံပေါ့။ အဓိက တင်ပြသင့်တယ်။ ” ဟု ၎င်းက ပြောသည်။
အဆိုပါ ကလေးအများစုသည် သီရိမြိုင်၊ သီရိမင်္ဂလာ၊ သာယာအေ၊ ဇေယျာသီရိနှင့် အခြားရပ်ကွက်များမှ ကလေးများဖြစ်ပြီး အများစုတို့ ရွှေ့ပြောင်းနေထိုင်သည့် မိသားစုများမှဖြစ်သည်။
ယမန်နှစ်က သက်ဆိုင်ရာ မြို့ခံတာဝန်ရှိသူများက ထောက်ပံ့မှုများ လုပ်ဆောင်သော်လည်း ထိရောက်မှု မရှိခဲ့ပေ။
ယခုရက်ပိုင်းအတွင်း အဆိုပါကလေးများ မော်လမြိုင်မြို့ပေါ်တွင် နေရာအနှံ့များပြားလာနေပြီး ထူးဆန်းသည့် အပြုအမူများကြောင့် လမ်းသွားလမ်းလားများ အနှောင့်အယှက်ဖြစ်ရသည်ဟု မြို့ခံပြည်သူတစ်ဦးက ဆိုသည်။
“ဖမ်းဆီးလုပ်တုန်းတစ်ချက်ပဲ အေးတယ်။ ပြီးတော့ နည်းနည်းငြိမ်ပြီးဆို ကလေးတွေကပြန်ပြန်ထလာတယ်။ အုပ်ထိန်းသူတွေ လုပ်ခိုင်းတဲ့သဘောမျိုးသက်ရောက်တယ်။ အမှန်မှာက ကလေးတွေကို ပိုက်ဆံမပေးနဲ့ ပေးချင်ရင် သူ့အိမ်ကိုလိုက်သွား သူ့ရဲ့အခြေအနေကိုကြည့် ပိုက်ဆံရလွယ်ရင် ပညာလည်း မသင်ချင်တော့ဘူး ပိုက်ဆံပဲတောင်းတယ်။ အချို့ကျ လေးငါးသောင်းအထိ ရတယ်” ၎င်းကပြောသည်။
အသက်မပြည့်သည့် ကလေးငယ်များကို တောင်းရမ်းခိုင်းစေခြင်းသည် ၂၀၁၉ ခုနှစ်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများအရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (သို့မဟုတ်) ငွေဒဏ်ဖြင့် အရေးယူနိုင်သော်လည်း တာဝန်ရှိသူများမှ အရေးယူမှုလုပ်ဆောင်ခြင်းမရှိကြောင်း သိရသည်။
စစ်ကော်မရှင်ခန့် မွန်ပြည်နယ်အစိုးရအဖွဲ့မှလည်း ကလေးလုပ်သားပပျောက်ရေး လုပ်ဆောင်သွားမည်ဟု လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကြာခဏပြောဆိုနေသော်လည်း မြေပြင်တွင် ကလေးငယ်များ ကြုံတွေ့နေရသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်မှု မရှိသေးပေ။
၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မွန်၊ကရင်၊ ကယား(ကရင်နီ) နှင့် သျှမ်းပြည်တို့တွင် ကလေးအလုပ်သမားအခြေအနေသည် ဆိုးရွားစွာ မြင့်တက်လာနေကြောင်းကို International Labour Organization (ILO) ၏ ၂၀၂၄ စက်တင်ဘာလထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။



