ရှမ်းပြည်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့များမှ ပြန်လည်ဆုတ်ခွာရန် ဖိအားပေး ခံနေရကြောင်း သိရသည်။
မေလ ၁၂ ရက်နှင့် ၁၃ ရက်တွင် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်အုပ်စ နှင့် TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် မေလ ၁၂ နှင့် ၁၃ ရက်နေ့က တွေ့ဆုံခဲ့ပြီး TNLA က သိမ်းပိုက်ထားဆဲ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့တို့မှ ဆုတ်ခွာပေးရန် စစ်တပ်က တောင်းဆိုခဲ့သည်။
TNLA အနေဖြင့် တရုတ်ဖိအားပေးမှုအပြင် ရှမ်းမြောက်တွင် အခြေစိုက်လှုပ်ရှားနေသည့် တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဖိအားပေးမှုများလည်း ကြုံတွေ့နေရကြောင်း ရှမ်းမြောက် နိုင်ငံရေးသမားတို့က ပြောသည်။

ရှမ်းမြောက်မှ နိုင်ငံရေးသမားတစ်ဦးက “အခုကျတော့ ပြန်ဆုတ်ပေးရမှာ။ ဘာဖြစ်လို့လည်းဆိုတော့ စစ်ရေးအရ ပြောမယ်ဆိုရင် TNLA က ဒီလောက်ကြီး စစ်ရေးစရိတ် ကြီးကြီးမားမား သူ့မှာ မရှိဘူး။ သူသိမ်းချင်တဲ့ နယ်မြေတွေကို တိုက်လို့ရရင် ယူဆိုတဲ့ သဘောမျိုးနဲ့ တိုက်ခဲ့တဲ့အတွက် သူတို့နယ်မြေအဖြစ် သတ်မှတ်ခဲ့တာ။ သတ်မှတ်တော့ တပ်ကလည်း မခံနိုင်တဲ့အဆုံး ဆုတ်ပေးရတာ။ အဲဒီတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ တိုက်တုန်းကတော့ တိုးမြှင့်ပြီးတော့ နောင်ချိုရော အကြီးအကျယ်တိုက်တော့ တပ်ကရှုံးတဲ့အတွက် ဆုတ်ပေးသွားရတာပေါ့။ အခုကျတော့ ပြန်တိုက်တယ်ဆိုတာ ပါးပါးလေးပါ။ တရုတ်ရဲ့ ဖိအားလည်းပါတယ်။ နောက်ပြီးတော့ အကြွေးတင်တာပေါ့ “ဝ” တို့ ဘာတို့မှာ တော်တော်များများ အကြွေးတင်တယ်” ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းလုံ၊ မိုင်းငေါ့မြို့တို့ကို TNLA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
တရုတ်၏ ဖိအားပေးမှုကြောင့် TNLA က သိမ်းပိုက်ရရှိထားသည့် မိုးကုတ်၊ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့တို့ကို စစ်အုပ်စုထံ လက်လွှတ်ခဲ့ရသည့်အပြင် ကွတ်ခိုင်မြို့ကိုလည်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က TNLA ထံမှ ပြန်လည်သိမ်းပိုက်လိုက်သည်။
လက်ရှိတွင် TNLA အနေဖြင့် အကျပ်အတည်း ၃ ခုကို တချိန်တည်း ရင်ဆိုင်နေရကြောင်း တအာင်းအရပ်ဖက် အဖွဲ့အစည်းများ ကွန်ယက် (TCSN) မှ မိုင်းကာန်ဟာဝ်က ပြောသည်။
“တချိန်တည်းမှာ အဓိက-က အကျပ်အတည်း ၃ ခုကို တချိန်တည်းမှာ သူတို့ (TNLA) ရင်ဆိုင်နေရတယ်လို့ အဲဒီလိုတော့ သုံးသပ်မိပါတယ်။ (၁) အချက်ကတော့ တရုတ်ရဲ့ ဖိအားကြောင့် အဲဒီလို အကျပ်အတည်း ရင်ဆိုင်နေရာတာ တစ်ခုရှိမယ်၊ နောက်ပြီးတော့ စစ်ရေးဖိအား ကိစ္စတွေလည်းရှိမယ်၊ နောက်ပြီးတော့ မဟာမိတ် အချင်းချင်းကြားမှာဖြစ်တဲ့ ပြဿနာတွေကြောင့် ဖိအားရှိမယ်၊ အဲဒီဖိအား ၃ ခုကို တချိန်တည်းမှာ TNLA က ရင်ဆိုင်နေရတယ်လို့ ယူဆမိပါတယ်” ဟု ပြောသည်။
TNLA ထံမှ ကွတ်ခိုင်မြို့ကို ပြန်လည်သိမ်းယူထားပြီး တရုတ်နှင့် နီးစပ်သော MNDAA သည် ချင်းရွှေဟော် – သိန္နီ – လားရှိုးလမ်းကိုပဲ ထိန်းချုပ်ထားရာက ပြီးခဲ့သည့် မတ်လကစ၍ မူဆယ် – ကွတ်ခိုင် – သိန္နီလမ်းကိုပါ သိမ်းပိုက်ရယူခဲ့သည်ဟု သိရသည်။



