Homeသတင်းဒေသခံများကို လူသားဒိုင်းအဖြစ်သုံးပြီး စစ်တပ်မှ မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်

ဒေသခံများကို လူသားဒိုင်းအဖြစ်သုံးပြီး စစ်တပ်မှ မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်

-

ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို လူသားဒိုင်းအဖြစ်အသုံးပြုကာ အပြင်းအထန် ထိုးစစ်ဆင်ပြီးနောက် မေလ ၁၉ ရက်နေ့တွင် ဝင်ရောက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။

စစ်ကော်မရှင် စစ်ကြောင်းသည် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် မောတောင်မြို့ အမှတ် (၉) ရပ်ကွက်သို့ ရောက်ရှိလာပြီး ရဟန်းသံဃာများအပါအဝင် ဒေသခံ ၁၀၀ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်။

ထို့နောက် ဖမ်းဆီးခေါ်ဆောင်လာသည့် ဒေသခံပြည်သူများကို ၎င်းတို့စစ်ကြောင်းထိုးရာ မြို့တွင်းရပ်ကွက်နှင့် နယ်စပ်ဂိတ်နေရာတစ်လျှောက် ခေါ်ဆောင်သွားသည့်အပြင် ရှေ့တန်းစစ်မြေပြင်တွင်လည်း ဒိုင်းကာသဖွယ် အသုံးပြုခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါအခြေအနေများကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ မောတောင်မြို့အတွင်းသို့ ရောက်ရှိလာချိန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ပစ်ခတ်မှုလုပ်ဆောင်ရန် ခက်ခဲသဖြင့် မြိ့အတွင်းမှ ဆုတ်ခွာပေးခဲ့ရပြီး စစ်တပ်မှ မြို့ကို အလွယ်တကူ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဆိုသည်။

“ အင်အားမမျှလို့ မတိုက်နိုင်ခဲ့လို့ သူတို့မြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့တာမဟုတ်ဘူး။ ဒေသခံတွေကို ဖမ်းဆီးပြီးတော့ လူသားဒိုင်းသုံးတယ်။ အဲ့ကြောင့် ကျနော်တို့ဘက်က မပစ်ဘဲနဲ့ ဆုတ်လိုက်ရတာ ပစ်မယ်ဆိုရင်လည်း ပြည်သူတွေကိုပဲထိမယ်။ ပြည်သူတွေပဲ သေမှာပေါ့။ ဘာမှ မတတ်နိုင်ခဲ့ဘူး ကြည့်နေရုံပဲ တတ်နိုင်တော့တယ်။ အဲ့ကြောင့်သူတို့က မြို့ကို လွယ်လွယ်နဲ့ ပြန်ထိန်းနိုင်ခဲ့တာ” ဟု ရဲဘော်က ပြောသည်။

စစ်ကော်မရှင်စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် သံဃာများနှင့် ဒေသခံများ ယနေ့အထိ ပြန်လည်လွှတ်မြောက်လာခြင်း မရှိသေးကြောင်းလည်း သိရသည်။

ဒေသခံများကို လူသားဒိုင်းအဖြင့် အသုံးပြုခဲ့သည့်အပြင် လေ‌ကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့်ပါ အပြင်းအထန်း ပစ်ခတ်၍ စစ်ကြောင်းထိုးလာသည်ဟုလည်း မြေပြင်ရှိ အခြားတော်လှန်ရေးရဲဘော် တစ်ဦးက ဆိုသည်။

“ လူသားဒိုင်းတစ်ခုနဲ့မဟုတ်ဘူး စစ်ကြောင်းထိုးလာတာက သူတို့က လေယာဉ်နဲ့ ဗုံးကြဲတာ ဒရုန်းနဲ့ဗုံးကြဲတာ ဆက်တိုက်ကြဲနေတယ် လက်နက်ကြီးဆိုလဲ အပြင်းအထန် ပစ်ခတ်နေပြီးတော့မှ စစ်ကြောင်းထိုးလာနိုင်တာ၊ မြေပြင်အင်အားတစ်ခုတည်းနဲ့ ဝင်မလာနိုင်ပါဘူး။ ဒေသခံတွေလဲ သူတို့မောတောင်ကို ပြန်ဝင်လာပြီးကတည်းက ဒေသခံတွေ ထပ်ပြီးရှောင်နေရတယ် ” ဟု အထက်ပါ ရဲဘော်က ပြောသည်။

ယနေ့တွင် မောတောင်မြို့အတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကြပ်စွာချထားပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်းနှင့် တိုက်ပွဲကြောင့် ဒေသများ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးမှုကြောင့် ပြီးခဲ့သည့်ဧပြီလမှစ၍ ဒေသခံပြည်သူ ၄၇၀၀ ကျော်တို့ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသူများရှိသလို ထိုင်း-မြန်မာနယ်စပ်အနီးနှင့် တောတောင်ဥယျာဉ်ခြံများတွင် ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးအရ အရေးပါသည့် မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီးနောက် ယမန်နေ့ မေ ၂၉ ရက်နေ့တွင် စစ်တပ်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts