စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုများနှင့် ဒေသတွင်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကရင်၊ မွန်နှင့် ပဲခူးတိုင်းဒေသကြီး၌ စစ်ဘေးရှောင်သူဦးရေ တိုးလာနေသည်ဟု ကရင်ပြည်တွင်း ဌာနေစွန့်ခွာတိမ်းရှောင်သူများဆိုင်ရာကော်မတီ (CIDKP) မှ ဒါရိုက်တာ စောဘယ်ထူးက ပြောသည်။
CIDKP ၏ ပြောကြားချက်အရ လက်ရှိတွင် စစ်ရှောင်ဦးရေ ပိုမိုတိုးလာနေပြီး ပဲခူးတိုင်းတွင် စစ်ဘေးရှောင်သူဦးရေ ၇၀၀၀ ကျော်နှင့် မွန်ပြည်နယ်၊ ဘီးလင်းတွင် ၁၃၀၀၀ ဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။ အထူးသဖြင့် ဘီးလင်းဒေသရှိ ရွာပေါင်း ၁၃ ရွာဝန်းကျင်မှ ဒေသခံများမှာ လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် တောတွင်းသို့ တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
အဆိုပါ စစ်ဘေးရှောင်များအတွက် လာမည့်မိုးတွင်းကာလ စားနပ်ရိက္ခာရရှိရေး၊ ကျန်းမာရေးပြဿနာများအတွက် ဆောင်ရွက်နေသည့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို သိရှိရန် CIDKP ဒါရိုက်တာ စောဘယ်ထူးထံ IMNA မှ ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ဆရာတို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ မွန်၊ ကရင်နဲ့ ပဲခူးတိုင်းက စစ်ဘေးရှောင်စခန်းတွေမှာ လူဦးရေတိုးပွားလာမှုနဲ့အတူ အဓိက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပြောပြပေးလို့ရမလားရှင်။
ဖြေ။ ။ ကျွန်တော်တို့ နှစ်လတစ်ကြိမ် IDP လူဦးရေကို Update လုပ်တဲ့နေရာမှာ (စုစုပေါင်း) ၁၂ သိန်းဝန်းကျင်လောက် အမြဲတမ်းရှိတယ်။ ဒါပေမဲ့ အခုလောလောဆယ် နှစ်လမပြည့်သေးတဲ့ အချိန်မှာပဲ အခြေအနေကတော့ လူဦးရေ ပိုတိုးလာတာပါ။ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှာ တိုက်ပွဲတွေ ပိုများလာသလို IDP တွေလည်း ပိုများလာတယ်။ ပဲခူးတိုင်းဘက်မှာတင် လူဦးရေ ၇၀၀၀ ကျော်လောက် ရှိနေပြီ။ ဒါက တစ်နေရာပေါ့။
နောက်ပြီး မွန်ပြည်နယ်၊ ဘီးလင်းဘက်ခြမ်းက လေးကေတို့၊ ဝင်းတာပန်တို့ အဲဒီဘက်မှာပေါ့နော်။ KNU နဲ့ ပူးပေါင်းတပ်တွေက (စစ်ကောင်စီ) တပ်စခန်းတွေကို ဝင်တိုက်တဲ့အခါကျတော့ အနီးအနားရွာတွေကို စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်၊ လေယာဉ်နဲ့ပစ်၊ ဒရုန်းနဲ့ပစ်တာတွေ လုပ်တယ်။ အဲဒီအခါကျတော့ ရွာအားလုံးပေါင်း ၁၃ ရွာလောက်ရှိတယ်၊ အကုန်ပြေးရတာပေါ့။ လူဦးရေကတော့ ၁၃၀၀၀ ထောင်ဝန်းကျင်လောက် ရှိသွားတယ်။ ခြုံပြီးပြောရမယ်ဆိုရင် လတ်တလော တိုးလာတဲ့ IDP ကတင် ၂ သောင်းကျော်လောက် ရှိပါလိမ့်မယ်။
အဓိကလိုအပ်နေတဲ့ အရာတွေကတော့ အစားအသောက်တွေပါပဲ။ ပြီးတော့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် သုံးတဲ့ပစ္စည်းတွေပေါ့နော်။ ဥပမာ- ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံနဲ့ အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေ လိုအပ်တယ်။ နောက်ထပ် အဓိက အရေးတကြီး လိုအပ်နေတာတစ်ခုကတော့ ဆေးဝါးပါပဲ။ တောထဲမှာ တစ်ပတ်၊ နှစ်ပတ်လောက် ပြေးလွှားရပြီဆိုတာနဲ့ ကလေးတွေမှာ နှာစေး၊ ချောင်းဆိုးပြီး ဖျားနာတာတွေ ဖြစ်လာတော့တာမို့ ဆေးဝါးကတော့ တကယ့်ကို လိုအပ်နေပါတယ်။
မေး။ ။ အထူးသဖြင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က စစ်ဘေးရှောင်တွေရဲ့ လက်ရှိ နေထိုင်စားသောက်မှု အခြေအနေက ဘယ်လိုရှိပါသလဲရှင်။
ဖြေ။ ။ ဘီးလင်းမှာက စနစ်တကျနဲ့ သေသေချာချာ နေရာချထားပေးနိုင်တာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ သူတို့အတွက် ဘေးကင်းလုံခြုံမယ့် နေရာတွေမှာတော့ ထားရှိပါတယ်။ များသောအားဖြင့် သူတို့သွားနေတဲ့ နေရာဆိုရင် နှစ်နေရာ၊ သုံးနေရာလောက် ရှိတယ်။ အဲဒီနေရာတွေကလည်း တောထဲမှာပဲ ဖြစ်ပါတယ်။
အဲဒီနေရာတွေကို ကျွန်တော်တို့က သတ်မှတ်ပြီး ချထားပေးတာမျိုး မဟုတ်ဘဲ သူတို့ကိုယ်တိုင်က ဒေသခံတွေ ဖြစ်ကြတဲ့အတွက် ဘယ်နေရာက လုံခြုံမလဲဆိုတာ ကောင်းကောင်းသိတော့ အရင်သွားနှင့်ကြတာပါ။ သူတို့သွားပြီး တိမ်းရှောင်နေတဲ့နောက်ပိုင်းမှ ကျွန်တော်တို့က လိုက်သွားပြီး ကူညီရတာမျိုး ဖြစ်ပါတယ်။ အခု ပြောရမယ်ဆိုရင်တော့ ဘီးလင်းဘက်ခြမ်းမှာ သုံးနေရာလောက်ရှိပြီး အများစုက တောထဲမှာပဲ များပါတယ်။
မေး။ ။ စစ်ဘေးရှောင်စခန်းတွေမှာ အဆိုးရွားဆုံး ကြုံတွေ့ရလေ့ရှိတဲ့ မိုးရာသီပြဿနာက ဘာဖြစ်မလဲရှင်။ ဒီနှစ်မိုးရာသီအတွက်ရော ဘာတွေ ကြိုတင်ပြင်ဆင်နေတာ ရှိပါသလဲ။
ဖြေ။ ။ မိုးဒဏ် လေဒဏ်ခံနိုင်အောင် သူတို့ နေထိုင်တဲ့နေရာတွေကို ပြင်ဆင်ပေးရပါတယ်။ အခုလည်း မိုးမရွာခင်ကတည်းက တဲတွေကို ကြိုတင်ဆောက်ထားကြတယ်။ ကျွန်တော်တို့ဘက်ကလည်း အမိုးအကာ (မိုးကာလိပ်) တွေ ပံ့ပိုးပေးထားပါတယ်။ ခက်ခဲတယ်ဆိုပေမဲ့လည်း လက်ရှိအနေအထားအရ သူတို့ နေလို့ထိုင်လို့တော့ ရပါသေးတယ်။ ဒါပေမဲ့ တကယ်လို့ နောက်ထပ်တစ်နေရာကို ထပ်ပြီး ထွက်ပြေးရမယ်ဆိုရင်တော့ မိုးတွင်းကာလမှာ ဒီထက်ပိုပြီး ခက်ခဲသွားပါလိမ့်မယ်။ အခုလောလောဆယ်တော့ ထပ်ပြီး မပြေးရသေးပါဘူး။
နောက်ထပ် အဓိကပြင်ဆင်နေတာကတော့ အစားအသောက်တွေ ပို့ဆောင်နိုင်ဖို့ပါပဲ။ နွေရာသီမှာ ဆန်တို့၊ ဆီတို့ ပို့ပေးရတာ အဆင်ပြေပေမဲ့လည်း မိုးတွင်းကျရင် လမ်းတွေပျက်ပြီး သယ်ယူပို့ဆောင်လို့ မရတော့ဘူး။ အရင်တုန်းက ပုံမှန်မိုးတွင်းဆိုရင် အစားအသောက် လုံးဝပို့လို့မရတဲ့ အခြေအနေမျိုး ကြုံရတယ်။ အဲချိန်ဆို သူတို့ကိုယ်တိုင် သွားရောက်ဝယ်ယူရတဲ့ ပုံစံမျိုးနဲ့ သွားပါတယ်။ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မိုးတွင်းမရောက်ခင်မှာ ရိက္ခာအများကြီး သိပ်မရှိသော်ငြားလည်း အနည်းဆုံး ၂ လ၊ ၃ လစာလောက် ရအောင်တော့ စုဆောင်းပြီး ကြိုတင်ပြင်ဆင်ပေးနေရပါတယ်။
မေး။ ။ မိုးရာသီ ကျန်းမာရေးပြဿနာတွေကြောင့် အသက်အန္တရာယ် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဘယ်လို ပြင်ဆင်ထားတာ ရှိပါသလဲရှင်။
ဖြေ။ ။ အခုလို မိုးအစ၊ မိုးဦးကျနေတဲ့ အချိန်မျိုးမှာ စစ်ဘေးရှောင်တွေအကြား ဖျားနာတာ နည်းနည်းများသလို ဝမ်းပျက်ဝမ်းလျှော ဖြစ်တာတွေလည်း များတတ်ပါတယ်။ ကျွန်တော်တို့က စခန်းတွင်းက ပညာရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ သာမန်ရောဂါတွေဖြစ်တဲ့ ဖျားတာ၊ နှာစေးချောင်းဆိုးတာ၊ ခေါင်းကိုက်တာ၊ ကိုယ်ပူတာနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာမျိုးတွေကို ကျန်းမာရေးဌာနနဲ့ ချိတ်ဆက်ပြီး ဆေးဝါးကုသပေးတာ၊ ဆေးပေးတာတွေ လုပ်ဆောင်ပါတယ်။ တကယ်လို့ သာမန်ရောဂါမဟုတ်ဘဲ ရောဂါအခြေအနေ ကြီးထွားလာပြီဆိုရင်တော့ ကျန်းမာရေးဌာနနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဆေးရုံ၊ ဆေးခန်းတွေကို ပို့ဆောင်ပေးပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဒီလိုမျိုး လုပ်ဆောင်နေတာတွေ ရှိပါတယ်။
မေး။ ။ ဟုတ်ကဲ့ပါ။ နောက်ဆုံးအနေနဲ့ စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေနဲ့ ရေရှည်ရပ်တည်နိုင်ဖို့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအပေါ် ဘာတွေတိုက်တွန်းပြောကြားချင်တာ ရှိပါသလဲရှင်။
ဖြေ။ ။ စစ်ဘေးရှောင် (IDP) တွေရဲ့ အခြေအနေကတော့ အမျိုးမျိုးရှိကြတာပေါ့နော်။ တချို့က အဆက်အသွယ်ရှိတယ်၊ မိသားစုဝင်တွေရှိတယ်။ စားနိုင်သောက်နိုင်တဲ့ မိသားစုတွေကျတော့ တိုက်ပွဲဖြစ်တဲ့အခါမှာ အနီးအနားမှာရှိတဲ့ ဆွေမျိုးတွေဆီ ပြေးကြတယ်။ တချို့ကျတော့လည်း မြို့ပေါ်တက်ပြီး အိမ်ငှားနေထိုင်ကြတယ်။ မိသားစု ဝင်ငွေရအောင် တစ်ပိုင်တစ်နိုင် အလုပ်အကိုင်တွေ ရှာဖွေကြတယ်။ အဲဒီလိုလူမျိုးတွေကျတော့ သူတို့အစီအစဉ်နဲ့သူတို့ ရှောင်တိမ်းနိုင်ကြပါတယ်။ ဒါပေမဲ့ အများစုကတော့ မိသားစုအလိုက် ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်ကြတော့တဲ့အတွက် အခုလို တောထဲကိုပဲ ထွက်ပြေးပုန်းအောင်းနေကြရတာပါ။
သူတို့ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ကျွန်တော်တို့ဘက်က ကူညီနိုင်သလောက်တော့ အစွမ်းကုန် ကူညီပေးနေပါတယ်။ ကျွန်တော်တို့က အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီးတော့ အလှူငွေတွေ တောင်းခံရတယ်၊ ပြီးရင် ရလာတဲ့အကူအညီတွေကို IDP တွေဆီ ပြန်လည်ဖြန့်ဝေပေးရပါတယ်။
အဓိကကတော့ သူတို့ လက်တွေ့လိုအပ်နေတဲ့အရာတွေကို စီစဉ်ပေးတာပါ။ နေထိုင်ဖို့ နေရာထိုင်ခင်း စီစဉ်ပေးတယ်၊ အစားအသောက်တွေကို တတ်နိုင်သလောက် ပံ့ပိုးပေးပါတယ်။ လုံလောက်မှု ရှိလားဆိုရင်တော့ လုံးဝမလုံလောက်ပါဘူး။ ဒါပေမဲ့ သူတို့ ရေရှည်ရပ်တည်နိုင်လောက်မယ့် အနေအထားအထိ ရောက်အောင်တော့ တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီပေးနေရပါတယ်ခင်ဗျာ။



