Homeသတင်းစစ်မှုထမ်းကိုသာ ဦးစားပေးနေသည့် အုပ်ချုပ်ရေးကြောင့် ဒေသခံများ အားကိုးရာမဲ့နေ

စစ်မှုထမ်းကိုသာ ဦးစားပေးနေသည့် အုပ်ချုပ်ရေးကြောင့် ဒေသခံများ အားကိုးရာမဲ့နေ

-

မွန်ပြည်နယ်၊ မြို့နယ်အများစုတွင် ပြည်သူ့အရေးထက် စစ်မှုထမ်းအရေးသာဦးစားပေးသည့် အုပ်ချုပ်ရေးစနစ်ကြောင့် ဒေသခံများ အားကိုးရာမဲ့နေသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မူးယစ်ဆေးဝါးပြဿနာ၊ ဒုစရိုက်မှုများနှင့် အကျပ်အတည်းများကို ဖြေရှင်းပေးရမည့် အောက်ခြေအုပ်ချုပ်ရေးယန္တရားများကို လျစ်လျူရှုကာ စစ်မှုထမ်းတပ်သား စုဆောင်းနိုင်ရေး ကိစ္စရပ်များကိုသာ အဓိကထား လုပ်ကိုင်နေကြသည်။

စစ်ကော်မရှင်တပ်သားများ ကျေးရွာများအတွင်း ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားနေသည့် ဖြစ်ရပ်များတွင် အုပ်ချုပ်ရေးမှူးများ လက်ရှောင်ကား တာဝန်ယူဖြေရှင်းပေးခြင်း မရှိဟု ရေးဒေသခံတစ်ဦးက ပြောသည်။

“စစ်တပ်ကလည်း ဒေသခံတွေကို တမင်သပ်သပ်ဖမ်းပြီး ငွေညစ်တာက ခဏခဏဖြစ်နေတာ၊ ဒါမဲ့ သူတို့ဆီ သွားပြောပြရင် သူတောင်းသလောက်ပေးပြီး ဖြေရှင်းလိုက်ပေါ့တဲ့၊ ငါတို့လည်း ဝင်လုပ် ပေးလို့မရဘူးတဲ့၊ အဲ့လိုပဲပြောနေတာ” ဟု ၎င်းက ဆိုသည်။

သို့သော် ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် စစ်ကော်မရှင်တပ်တို့မှ ညွှန်ကြားထားသည့် စစ်မှုထမ်းကိစ္စများနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို လုပ်ကိုင်နေကြကြောင်း သိရသည်။

ကျေးရွာအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲသူတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ဒေသခံပြည်သူတို့အနေဖြင့် မကြာခဏ တောင်းဆိုနေသော်လည်း ပကတိအတိုင်း လုပ်ကိုင်နေကြဆဲဖြစ်သည်ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။

“သူတို့တွေ တာဝန်ယူပေးဖို့မပြောနဲ့ ရောင်းတဲ့သူတွေ ပိုပိုများလာတာပဲရှိတယ်။ ဘာလို့လဲ ငွေနဲ့ ဖြေရှင်းလို့ရတယ်လေ၊ ရောင်းတဲ့သူကို စစ်တပ်က ဖမ်းသွားရင် ပြန်လွတ်လာဖို့ အုပ်ချုပ်ရေးမှူးက အာမခံပေးတယ်။ ပြီးရင် ငွေပေးလိုက်တယ်။ ကိစ္စက ပြီးသွားရော”ဟု ၎င်းက ဆိုသည်။

ကျေးရွာအတွင်း ဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါးကိစ္စများသည် အုပ်ချုပ်ရေးမှူးနှင့် စစ်ကော်မရှင်တပ် အတို့၏ ဝင်ငွေပေါက်တစ်ခုဖြစ်နေခြင်းကြောင့် အုပ်ချုပ်ရေးမှူးတို့က မျက်ကွက်ပြုထားကြောင်း ၎င်းက ဆက်ပြောသည်။

ကျေးရွာများအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကင်းမဲ့လာခြင်းကြောင့် နေ့လယ်ခင်း လူမြင်ကွင်းတွင်ပင် မော်တော်ကားနှင့် ဆိုင်ကယ်များ‌ ခိုးယူခံရမှု၊ ကျောင်းနေကလေးအရွယ်များတွင် မူးယစ် ဆေးဝါးလက်ဝက်ကိုင်ဆောင်မှု၊ လမ်းသွားလမ်းလာဒေသခံများ အတင်းအဓမ္မဖမ်းဆီးမှုများ  မကြာခဏ ရှိလာသည်။

ပုံ-MOI (မော်လမြိုင်မြို့၌ အုပ်ချုပ်ရေးမှုး စွမ်းဆောင်ရည်မြှင့်သင်တန်း ပြုလုပ်စဉ်)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts