မွန်ပြည်နယ်တွင်၊ ယနေ့ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့် မြို့နယ်အသီးသီးတွင် တိုးမြှင့်ထုတ်ချေးပေးပေးနေသော်လည်း လာရောက်ချေးယူသူပုံမှန်အတိုင်းသာရှိကြောင်း တောင်သူများက ဆိုသည်။
စစ်ကော်မရှင်၏ ရက် ၁၀၀ စီမံကိန်းအတွင်း တောင်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရန်ဟုဆိုကာ ယနေ့ မေလ ၁၂ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဘဏ်ဝန်ထမ်းများ စိုက်ပျိုးစရိတ်ချေးငွေကို ထုတ်ချေးပေးနေကြောင်း သိရသည်။
မိုးစပါးနှင့် အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်ထက် နှစ်ဆနီးပါးအထိ တိုးမြှင့်ထုတ်ချေးပေးနေသော်လည်း သွင်းအားစုကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေမှုကြောင့် စိုက်ပျိုးရေးစရိတ်များ ကာမိမည်မဟုတ်ဟု ပေါင်မှတောင်သူတစ်ဦးက ဆိုသည်။

"ဒီနေ့မနက်ပိုင်းမှာ ချေးငွေတွေ သွားယူနေကြတယ်။ တစ်ဧကကို ၃ သိန်းပေးတယ်။ တိုးပေးလည်း မထူးဘူး။ လယ်ထွန်ခ၊ ရိတ်သိမ်းခ၊ ဓာတ်မြေဩဇာစရိတ်တွေ အကုန်တက်နေတော့ မလောက်ဘူး။ တစ်ဝက်လောက်ပဲ ကာနိုင်မယ်ထင်တယ်။ အခုဆို နေ့စားအလုပ်သမားခ တစ်ယောက်ကို တစ်ရက် သိန်းနီးပါးပေးနေရတယ်။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး” ဟု ပြောသည်။
ချေးငွေပမာဏ တိုးမြှင့်ပေးခြင်းထက် မြေဩဇာနှင့် စက်သုံးဆီဈေးနှုန်းများ ကျဆင်းအောင် ဆောင်ရွက်ပေးနိုင်ပါက တောင်သူများအတွက် ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယမန်နှစ်က ဓာတ်မြေဩဇာတစ်အိတ် ကျပ် ၉ သောင်းဝန်းကျင်သည် လက်ရှိတွင် ၂ သိန်းကျပ်နီးပါးအထိ မြင့်တက်လာပြီး၊ စက်သုံးဆီများမှာလည်း ဝယ်ယူရခက်ခဲသည့်အပြင် ယခင်က တစ်ပုံးလျှင် ကျပ် ၅ သောင်းခန့်ရှိရာမှ ယခု ၁ သိန်း ၈ သောင်းကျော်အထိ မြင့်တက်လာကြောင်း သိရသည်။
ထို့အပြင် လက်ရှိတွင် စပါးနှင့် အခြားသီးနှံဈေးနှုန်းများ မြင့်တက်လာခြင်းမရှိသဖြင့် စိုက်ပျိုးစရိတ်များ ပြန်မကျေနိုင်ဘဲ အကြွေးတင်လာမည့် အခြေအနေကို စိုးရိမ်နေကြကြောင်းလည်း ဆိုသည်။
“နွေတုန်းက စိုက်ထားတဲ့ပဲတွေက စက်ဆီအခက်အခဲကြောင့် အထွက်နည်းသလို ဈေးလည်းမရဘူး။ အမြတ်မရှိတော့ ဒီနှစ် မိုးစပါးမစိုက်တော့ဖို့ စဉ်းစားနေတယ်။ စိုက်ရင်လည်း အမြတ်ရမယ့်ပုံမပေါ်ဘူး၊ မဟုတ်ရင် အကြွေးပဲတင်နေမှာ စိုးရိမ်တယ်” ဟု ကျိုက်မရောမြို့နယ်ရှိ တောင်သူတစ်ဦးက ပြောသည်။
စိုက်ပျိုးစရိတ်များ မြင့်တက်လာမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ တောင်သူအချို့မှာ ယခုနှစ် မိုးစပါးစိုက်ပျိုးမှုဧက လျှော့ချရန် သို့မဟုတ် ရပ်နားထားရန် စီစဉ်နေကြသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၉ ရက်နေ့မှ စတင်ထုတ်ချေးခဲ့ပြီး၊ အကြွေးကျန်မရှိဘဲ ပြန်လည်ပေးဆပ်ထားသည့် တောင်သူများကို တစ်ဧကလျှင် ကျပ် ၁ သိန်းခွဲနှုန်းဖြင့် အတိုး ၅ ရာခိုင်နှုန်းကောက်ခံကာ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်မှ အသွင်းကူပြောင်းရေးအနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းလုပ်ငန်းစဉ်အပြင် ဒေသဖွံ့ဖြိုးရေး၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးနှင့် လိုအပ်သည်များကို လုပ်ဆောင်ပေးမည်ဟု ကတိပေးပြီးနောက် ရပ်ကျေးအဖွဲ့အစည်းများမှတစ်ဆင့် ပြည်သူများအား စည်းရုံးမှု လုပ်ဆောင်နေကြောင်း သိရသည်။




