Monday, May 11, 2026
More
    spot_img
    Homeဆောင်းပါးမစားရတဲ့တဲ့အမဲ သဲနှင့်ပက်သည့် အာဏာရှင်စစ်အစိုးရ

    မစားရတဲ့တဲ့အမဲ သဲနှင့်ပက်သည့် အာဏာရှင်စစ်အစိုးရ

    -

    နေသူရိန် – သတင်းဆောင်းပါး

    ကရေင်အမျိုးသားအစည်းအရုံး KNU နှင့် နအဖ – နဝတ စစ်အစိုးရတို့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက်ပိုင်း (၁၉၉၇) နှင့် (၂၀၀၀) ခုနှစ်ကြားတွင် KNU ၏ ထိန်းချုပ်နယ်မြေဖြစ်သော ဘုရားသုံးဆူဒေသ မက္ကာသာကျေးရွာနှင့် ထိုင်းမြန်မာနယ်စပ် သပြုဒေသအကြားရှိ သတ္တုခဲမိုင်းများကို တွင်ကျယ်စွာ လုပ်ကိုင်လာခဲ့ကြသည်။ ဘုရားသုံးဆူဒေသခံ စီးပွားရေးလုပ်ငန်းရှင်များက တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းကာ သတ္တုခဲမိုင်းကုမ္ပဏီများကို ငွေအား လူအားနှင့် တည်ထောင် လုပ်ကိုင်လာခဲ့ကြသည်။

    KNU နှင့် စစ်အစိုးရ အပစ်ခတ်ရပ်စဲကာလဖြစ်သောကြောင့် လုပ်ငန်းရှင်များက နဝတ-နအဖ အစိုးရထံတွင် သတ္တုခဲမိုင်းကုမ္ပဏီ လုပ်ပိုင်ခွင့် လိုင်စင်များကို တင်ခဲ့ကြသည်။ စစ်အစိုးရကလည်း ကုမ္ပဏီတည်ထောင်ခွင့် အခွန်ဘဏ္ဍာငွေများနှင့် အခွန်အကောက်များ ရရှိရန်အတွက် အသာတကြည်ပင် ခွင့်ပြုခဲ့သည်။ ၎င်းအချိန်က မှတ်သားမိသ၍ မက္ကာသာနှင့် သပြုကြားရှိ အမှတ် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆) သတ္တုမိုင်းများ လုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းရှင်များက အစိုးရထံတွင် ကုမ္ပဏီ (၅) ခန့် လိုင်စင် မှတ်ပုံတင်ခဲ့ကြသည်။ ၎င်းတို့အထဲတွင် ထိုင်းနှင့် တရုတ် ဖက်စပ်ကုမ္ပဏီဖြစ်သော နဝရတ်ကုမ္ပဏီသည် အကြီးမားဆုံးဖြစ်ပြီး သတ္တုသန့်စင် စက်ရုံကိုပင် ဘုရားသုံးဆူမြို့ အမှတ် (၄) ရပ်ကွက် တောင်ဝိုင်းလမ်းတွင် တည်ဆောက်ထားခဲ့သည်။ သတ္တုသန့်စင်သည့် အနံ့အသက်များနှင့် သန့်ရှင်းမှုမရှိသော ရေများကြောင့် သတ္တုသန့်စင်စက်ရုံကို ပိတ်ပင်ခဲ့ရသည်။

    မက္ကာသာနှင့် သပြုကြားရှိ သတ္တုမိုင်းများမှ ထွက်သော သတ္တုမှာ ခနောက်စိမ်းသတ္တု အများဆုံး ထွက်ပြီး ၎င်းသတ္တုရိုင်းများကို တရားဝင်ဖြစ်စေရန်အတွက် ကြာအင်းဆိပ်ကြီးလမ်းမှနေ၍ ပြည်တွင်းသို့ တင်ပို့ကြသလို စျေးကောင်းရသည့် နယ်စပ်မှောင်ခိုဈေးကွက်တွင်လည်း ရောၚ်းချခဲ့ကြသည်။ ထိုအချိန်က သတ္တုခဲမိုင်းများအကြားတွင် နဝတ- နအဖ၏ စပ်တပ်ကင်းစခန်းများလည်း ရှိကြသည်။

    အပစ်ရပ်ကာလဖြစ်သောကြောင့် ပြဿနာတစ်စုံတစ်ရာမရှိဘဲ ဖြတ်သန်းသမျှ သတ္တုများ၏ အခွန်အကောက်များကို KNU နှင့် စပ်တပ်မှ ရရှိနေကြသည်။ ထိုအချိန်က သတ္တုတွင်းလုပ်သားများမှာ ပျမ်းမျှ ခန့်မှန်း (၃၀၀၀) နှင့် (၅၀၀၀) ကြားတွင် ရှိနေကြပြီး သတ္တုမိုင်းသို့ သွားရာလမ်းတစ်လျှောက်တွင်လည်း စျေးဆိုင်များနှင့် စည်ကားနေလျက်ရှိသည်။

    ဘုရားသုံးဆူမြို့နှင့် (၅) ကီလိုမီတာခန့် ကွာဝေးသည့် မက္ကာသာရွာရှိ သတ္တုမိုင်း အမှတ်စဉ် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆) မှ အစပြု၍ သပြုမိုင်းသို့ ရောက်ရန်အတွက် ကား၊ ဆိုင်ကယ်များနှင့် တမွန်းတည့်ခရီးခန့် သွားရသည်။ ခန့်မှန်းခြေ ခရီးအကွာအဝေး (၉၀) ကီလိုမီတာ ရှိမည်။ တာလမ်း လမ်းကြမ်းဖြစ်သည့်အားလျော်စွာ ခရီးကြန့်ကြာမှုများ ရှိသည်။ ထိုအချိန်က ထိုလမ်းခရီးတွင် KNU ၏ ကင်းစခန်းများ စစ်တပ်ကင်းစခန်းများ ရှိနေကြသောကြောင့် သတ်မှတ်အချိန်ထက် ကျော်လွန်သော ညပိုင်းအချိန်များတွင် သွားလာခွင့်မရှိပေ။

    လုပ်ငန်းရှင်များ၏ လုပ်ငန်းများ တွင်ကျယ်လာသည်နှင့်အမျှ ၎င်းသတ္တုမိုင်းများအကြားရှိ သတ္တုကြောများ ပေါ်ပေါက်လာသော ဒေသခံတို့၏ ဥယျာဉ်ခြံမြေများ မြေရိုင်းများကို တရုတ်လုပ်ငန်းရှင်များက မတန်တဆ ဈေးပေး၍ ဝယ်ယူခဲ့ကြသည်။ ဒေသခံများကလည်း အကျိုးရှိခဲ့ကြသည်။

    အေးချမ်းစွာဖြင့် လုပ်ကိုင်စားသောက်နေကြသော သတ္တုမိုင်းလုပ်သားများ စျေးရောင်းသူများတို့၏ ဘဝတစ်ဆစ်ချိုးသည် (၂၀၂၁) ခုနှစ် စစ်အစိုးရက နိုင်ငံတော်အာဏာကို သိမ်းပိုက်လိုက်သည့်အချိန်မှ စတင်၍ ပြောင်းလဲသွားခဲ့သည်။ သတ္တုမိုင်းများဒေသအတွင်း KNU နှင့် စပ်အစိုးရတို့ တိုက်ပွဲများ “မကြာခဏဖြစ်ခြင်းနှင့် စစ်တပ်မှ လယာဉ်နှင့် ဗုံးကြဲခြင်းများ ပြုလုပ်လာခဲ့သောကြောင့် မိုင်းအလုပ်သမားများနှင့် အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ရှိခဲ့သောကြောင့် သတ္တုမိုင်းတချို့ကို ရပ်နားကာ ပိတ်ပစ်ခဲ့ကြရသည်။

    သတ္တုမိုင်းများ ပိတ်လိုက်ရခြင်းကြောင့် ပြည်တွင်းသို့ တရားဝင်သတ္တုများ တင်ပို့နိုင်ခြင်း မရှိခဲ့ပေ။ စစ်အစိုးရအနေနှင့်လည်း အခွန်ကောက်ဘဏ္ဍာငွေများ လျော့နည်းခဲ့ရသည်။ သတ္တုမိုင်း အများစုကို ပိတ်ပစ်လိုက်သော်လည်း လောဘသားတချို့ဖြစ်သည့် တရုတ်လူမျိုး လုပ်ငန်းရှင်များက KNU နှင့် အပေးအယူလုပ်ကာ သတ္တုမိုင်းတချို့ကို တိတ်တဆိတ် ပြန်လည်၍ လုပ်ကိုင်နေခဲ့ကြသည်။ သတ္တုမိုင်း၏ အခွန်အကောက်များကို KNU တစ်ဖွဲ့တည်းသာ ခံစားလာခဲ့ကြရသည်။ ထိုကဲ့သို့သော အခြေနေကို သိနေသော စစ်အစိုးရကလည်း ၎င်းသတ္တုမိုင်းဒေသများကို လေယာဉ်နှင့် ဗုံးကြဲခဲ့သည်။ (၂၀၂၄) တွင် သုံးကြိမ်၊ (၂၀၂၅) တွင် နှစ်ကြိမ် ဗုံးကြဲခဲ့သည်။ အရပ်သားများ အထိအခိုက် အသေအပျောက်များ ရှိခဲ့ကြသည်။ စစ်အစိုးရက သတ္တုမိုင်းဒေသများကို အကြိမ်ကြိမ် ဗုံးကြဲခဲ့သောလည်း ထိခိုက်ပျက်စီးမှုနှင့် အသေအပျောက်များသည့် (၂၀၂၆) ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် စစ်အစိုးရက သတ္တုမိုင်းများကို ဗုံးကြဲချခဲ့သည့် အကြိမ်လောက် ပြင်းထန်ခြင်း မရှိခဲ့ပေ။

    ၂၀၂၆ ခုနှစ် ဧပြီလ (၂၉) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်လောက်မှစ၍ ညနေ (၆) နာရီအချိန်ခန့်ထိ စကမ၏ Y 12 လေယာဉ်နှင့် မက္ကာသာရွာအပြင်ဘက် သတ္တုမိုင်း အမှတ်စဉ် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆) အထိ (၆) ကြိမ်ထက်မနည်း ပေါင် (၅၀) ဗုံးသီး အလုံးပေါင်း (၈၀) ခန့် ကြဲချခဲ့သည်ဟု ၎င်းဒေသတွင်းရှိ မိုင်းလုပ်သားများက ပြောဆိုကြသည်။

    မိုင်းတွင်းများတစ်လျှောက်ရှိ ထောင်ချီသော အလုပ်သမားများနှင့် အရပ်သားများ ဘေးလွတ်ရာသို့ ရှောင်နေကြရသည်။ ထိခိုက်ဒဏ်ရာရသည်နှင့် သေဆုံးသူများလည်း ရှိနေသည်ဟု မိုင်းလုပ်သားများက ပြောဆိုကြသည်။ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ သတ္တုမိုင်းများနှင့် အလုပ်သမား အရပ်သားများအာ ရည်ရွယ်ချက်ရှိရှိနှင့် ဤကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခြင်းသည် အသိတရားခေါင်းပါးသော အတ္တဆန်သော လူသားခြင်း စာနာမှုမရှိသော စစ်ကော်မရှင်၏ လုပ်ရပ်သည် အာဏာရှင်ဆန်လွန်သည်ဟု ပြောရမည်သာ ဖြစ်သည်။

    စစ်အစိုးရ အာဏာသိမ်းသည့် (၂၀၂၁) ခုနှစ် နာက်ပိုင်းမှစပြီး သတ္တုတွင်းကုမ္ပဏီများ ပိတ်သိမ်းကာ တချို့သော လုပ်ငန်းရှင်များက KNU နှင့် ညှိနှိုင်းပြီး သတ္တုတွင်းတချို့ကို ဆက်လက်၍ လုပ်ကိုင်နေကြလျက်ရှိသည်။ သတ္တုတွင်းမှ အခွန်အကောက်များကို အာဏာသိမ်းစစ်အစိုးရက ရရှိခြင်းမရှိဘဲ KNU တစ်ဖွဲ့တည်းသာ အခွန်အကောက်ရရှိနေခြင်းကို မလိုလား၍ (၂၀၂၄ – ၂၀၂၅) ခုနှစ်များတွင်လည်းကောင်း ယခုနှစ် (၂၀၂၆) တွင်လည်းကောင်း သတ္တုမိုင်းဒေသများကို အကြိမ်ကြိမ် ဗုံးကြဲခဲ့သည်။

    “ကျွန်တော့်အမြင်ကတော့ စစ်အစိုးရက ဒီမိုင်းထဲက အခွန်အကောက်တွေကို သူတို့မရဘဲ KNU တစ်ဖွဲ့တည်းသာ ရနေတဲ့အတွက်ကြောင့် မနာလိုဖြစ်ပြီး ပျက်စီးရာ ပျက်စီးကြောင်း လုပ်တာဘဲလို့ ထင်တယ်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း အကြိမ်ကြိမ် ဗုံးကြဲခဲ့တယ်။ မနှစ်ကဆိုရင် ဘာမှမသက်ဆိုင်တဲ့ မက္ကာသာရွာမှာ KNU တွေရှိမယ်အထင်နဲ့ ဗုံးကြဲခဲ့သေးတယ်။ ရွာသူ ရွာသားတွေ ထိခိုက်တယ်။ ဘုန်းကြီးကျောင်း ပျက်စီးတယ်။ စစ်အစိုးရရဲ့ လုပ်ရပ်က ရန်သူကို မထိခိုက်ဘဲ အရပ်သားတွေကိုသာ ထိခိုက်နေတယ်။ အခုလည်း မိုင်းတလျှောက်လုံးကို ဗုံးကြဲပြန်တယ်။ အရပ်သားတွေ အလုပ်သမားတွေ ထိခိုက်ဒဏ်ရာရ သေကြေကြတယ်။ အလုပ်ပျက် အကိုင်ပျက် ဖြစ်ကြရတယ်” ဟု မိုင်းအလုပ်သမားတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်၏ ယခုတစ်ကြိမ် ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူအသေအပျောက်နှင့် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပွားခဲ့ပြီးနောက် သတ္တုမိုင်းဒေသ၏ လုံခြုံရေးအရ အချိန်ကာလ (၃) လကြာမျှ အလုပ်များကို ရပ်နားထားရန် KNU က ညွှန်ကြားထားကြောင်းကိုလည်း သတ္တုမိုင်း အလုပ်သမားများက ပြောသည်။ အရှက်တရား၊ အကြောက်တရား ကင်းမဲ့ပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသည့် မင်းကျင့်တရားနှင့် မညီသည့် အာဏာရှင်စစ်အစိုးရ၏ ဧပြီလ (၂၉) ရက်နေ့တွင် ယုတ်မာရက်စက်ခဲ့သော လုပ်ရပ်သည် ငါ မစားရလျှင် မည်သူမှ မစားနှင့် ဆိုသည့်အတိုင်း “မစားရသည့်အမဲ သဲနှင့်ပက်” သည်ဟူ၍သာ တင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks