Tuesday, May 5, 2026
More
    spot_img
    Homeဆောင်းပါးရာမည၏ နိုင်ငံရေးအုတ်မြစ်သစ် သို့မဟုတ် ချာတာခေတ်

    ရာမည၏ နိုင်ငံရေးအုတ်မြစ်သစ် သို့မဟုတ် ချာတာခေတ်

    -

    မာံသဟာဲ (မင်းစဟိုင်း) ရေးသားသည်။

    စိတ်ကူးယဉ်ပြီး ရေးဆွဲခဲ့သည့် ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေက ဆယ်စုနှစ်များစွာ ကြာခဲ့သော်လည်း မလုပ်မဖြစ်ခဲ့ပေ။ ယင်းအစား မျက်မှောက်ခေတ်တွင် ချာတာဟုခေါ်သော ပဋိညာဉ်ကို ရေးဆွဲနေကြသည်။ ၂၀၂၆ ခုနှစ် မတ်လအတွင်း ကျင်းပခဲ့သည့် မွန်တော်လှန်ရေးဖိုရမ်သည် ရာမညဒေသ၏ နိုင်ငံရေးအခင်းအကျင်းတွင် အရေးပါသော အလှည့်အပြောင်းတစ်ခု ဖြစ်ကြောင်း Center for Rāmaññadesa Studies (CRS) စာတမ်းက အချက်အလက်များဖြင့် ထောက်ပြထားသည်။

    ယင်းဖိုရမ်၏ အဓိကရလဒ်မှာ မွန်ပြည်သစ်ပါတီ (NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နှင့် အခြားသော တော်လှန်ရေးအင်အားစုများအကြား “မွန်ပြည်တော်လှန်ရေးပဋိညာဉ်” (Mon State Revolutionary Charter) ကို ဘုံမူဝါဒအဖြစ် လက်ခံနိုင်ခဲ့ခြင်းဖြစ်သည်။

    စစ်အာဏာရှင်ကို တိုက်ခိုက်နေသည့် မွန်တော်လှန်ရေးအင်အားစုများသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ မည်သည့်အုပ်ချုပ်ရေးနှင့် ရွေးကောက်ပွဲကိုမဆို အသိအမှတ်မပြုဘဲ ပယ်ချရန် သဘောတူညီခဲ့ကြသည်။ ၎င်းသည် ရာမညဒေသတွင် စစ်ကောင်စီ၏ နိုင်ငံရေးအရ တရားဝင်မှု (Political Legitimacy) ကို စိန်ခေါ်လိုက်ခြင်းဖြစ်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ ယူနစ်တစ်ခု တည်ဆောက်ရေးအတွက် လိုအပ်သော နိုင်ငံရေးဦးတည်ချက်ကို အချက်အလက်ခိုင်မာစွာ ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ရှုမြင်ရပါသည်။

    တစ်ခုတည်းသော အမိန့်ပေးစနစ်ကို ပုံဖော်ခြင်း

    မွန်တော်လှန်ရေးအင်အားစုများ၏ လက်ရှိစစ်ရေးအခြေအနေနှင့် ပတ်သက်၍ – မွန်အင်အားစုများသည် အိမ်နီးချင်း ကရင် (KNU) နှင့် ကရင်နီ (IEC) တို့ကဲ့သို့ နယ်မြေစိုးမိုးမှုနှင့် အုပ်ချုပ်ရေးယန္တရား ခိုင်မာမှုအပိုင်းတွင် အားနည်းချက်များ ရှိနေသေးကြောင်း တွေ့ရသည်။ ဤအားနည်းချက်ကို ကျော်လွှားရန် “ရာမညတော်လှန်ရေးတပ်မတော်” (Ramanya Revolutionary Army) အဖြစ် တစ်ခုတည်းသော အမိန့်ပေးစနစ် (Single Command) အောက်တွင် စုစည်းရန် လိုအပ်သည်။

    ဤစာတမ်းပါ အချက်အလက်များအရ တော်လှန်ရေးအစိုးရတစ်ရပ် ပေါ်ထွန်းလာရေးအတွက် စစ်ရေးနှင့် အုပ်ချုပ်ရေး ပေါင်းစည်းမှုသည် မရှိမဖြစ်လိုအပ်ချက် ဖြစ်သည်။ ဖိုရမ်က ဖွဲ့စည်းလိုက်သည့် “ပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့” သည် မတူညီသော လက်နက်ကိုင်တပ်ဖွဲ့များကို ဘုံပဋိညာဉ်အောက်တွင် စုစည်းနိုင်ရန် ကြိုးပမ်းနေခြင်းမှာ ရာမညဒေသ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် လက်တွေ့ကျသော ခြေလှမ်းတစ်ရပ်အဖြစ် သုံးသပ်နိုင်ပါသည်။

    ရှေ့လာမည့် ဖြစ်တန်ခြေ ၃ ရပ်ကို ဆန်းစစ်ခြင်း

    စာတမ်းတွင် ရာမညတော်လှန်ရေး၏ အနာဂတ်အတွက် ဖြစ်တန်ခြေ သုံးခုကို အချက်အလက်များဖြင့် Highlight ပြထားပါသည်။ ဤအချက်များသည် တော်လှန်ရေးအင်အားစုများ၏ ရှေ့လုပ်ငန်းစဉ်များအပေါ် အဆုံးအဖြတ် ပေးသွားမည် ဖြစ်ပါသည်။

    က။ အောက်ထစ်ဖြစ်တန်ခြေ (Baseline Scenario)

    ဤအခြေအနေတွင် “မွန်ပြည်တော်လှန်ရေးပဋိညာဉ်” ကို အခြေခံသည့် တော်လှန်ရေးအစိုးရတစ်ရပ် ပေါ်ထွန်းလာမည် ဖြစ်သည်။ MSFC နှင့် NMSP-AD တို့ ဦးဆောင်သည့် ဤအစိုးရသည် မွန်ပြည်နယ်တောင်ပိုင်းနှင့် တနင်္သာရီမြောက်ပိုင်းတို့တွင် နယ်မြေစိုးမိုးမှုအချို့ကို တည်ဆောက်နိုင်မည် ဖြစ်သော်လည်း၊ အင်အားစုအားလုံး မပါဝင်နိုင်သေးခြင်းကြောင့် “လူမျိုးစုကိုယ်စားပြုမှု” (Ethnic Representation) ဆိုင်ရာ အားနည်းချက်များ ရှိနေဦးမည် ဖြစ်သည်။ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို အပြည့်အဝ မဖယ်ရှားနိုင်သေးဘဲ အပြန်အလှန် ထိန်းကျောင်းနေသည့် အနေအထားမျိုး ဆက်ရှိနေမည်ဟု ခန့်မှန်းရပါသည်။

    ခ။ အဆိုးဆုံးဖြစ်တန်ခြေ (Worst-case Scenario)

    ဤအခြေအနေမှာ တော်လှန်ရေးအင်အားစုများအကြား အာဏာခွဲဝေမှု၊ ရင်းမြစ်ပိုင်ဆိုင်မှုနှင့် နယ်မြေပိုင်းခြားမှုများတွင် သဘောထားကွဲလွဲမှုများ ကြီးထွားလာခြင်း ဖြစ်သည်။ စာတမ်းက သတိပေးထားသည်မှာ ဤသို့ဖြစ်ခဲ့ပါက တော်လှန်ရေးအင်အားစုများသည် တစ်ခုတည်းသော ရည်မှန်းချက်ထက် မိမိတို့အဖွဲ့အစည်း အကျိုးစီးပွားကို ရှေ့တန်းတင်လာပြီး အချင်းချင်း ပဋိပက္ခများ ဖြစ်လာနိုင်ပါသည်။ ထိုအချိန်တွင် စစ်ကောင်စီက ‘အပစ်ရပ်ရေး’ အတုအယောင်များ သို့မဟုတ် “ငြိမ်းချမ်းရေး” ခေါင်းစဉ်များဖြင့် ကြားဝင်ကာ တော်လှန်ရေးကို အစိတ်စိတ်အမွှာမွှာ ခွဲပစ်နိုင်သည့် အန္တရာယ် ရှိနေပါသည်။

    ဂ။ အကောင်းဆုံးဖြစ်တန်ခြေ (Best-case Scenario)

    တော်လှန်ရေးအင်အားစုအားလုံး “မွန်ပြည်တော်လှန်ရေးပဋိညာဉ်” အောက်တွင် အပြည့်အဝ စုစည်းမိသွားခြင်း ဖြစ်သည်။ စစ်ရေးအရလည်း “ရာမညတော်လှန်ရေးတပ်မတော်” (Ramanya Revolutionary Army) ကဲ့သို့သော တစ်ခုတည်းသော အမိန့်ပေးစနစ် (Single Command) တစ်ခု ပေါ်ပေါက်လာပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့် စစ်ရေးယန္တရားများကို ရာမညမြေမှ အပြီးတိုင် မောင်းထုတ်နိုင်ခြင်း ဖြစ်ပါသည်။ ဤအခြေအနေသို့ ရောက်ရှိပါက မွန်ပြည်နယ်သည် ဖက်ဒရယ်ပြည်ထောင်စုအတွင်း ဂုဏ်သိက္ခာရှိသော ယူနစ်တစ်ခုအဖြစ် အပြည့်အဝ ရပ်တည်နိုင်မည် ဖြစ်သည်။

    ဤဖြစ်တန်ခြေများသည် တော်လှန်ရေးအင်အားစုများ၏ လက်တွေ့လုပ်ဆောင်ချက်များအပေါ် မူတည်နေပြီး၊ အဆိုပါ အချက်အလက်များသည် ဒေသတွင်း နိုင်ငံရေးအခင်းအကျင်းကို ကြိုတင်ပြင်ဆင်ရာတွင် များစွာ အထောက်အကူပြုမည် ဖြစ်ပါသည်။

    တောင်ပိုင်းတော်လှန်ရေးနှင့် ရာမည၏ အခန်းကဏ္ဍ

    စာတမ်းတွင် ထူးခြားစွာ ဖော်ပြထားသော အချက်မှာ မွန်တော်လှန်ရေးသည် တစ်သီးပုဂ္ဂလ လှုပ်ရှားမှုမဟုတ်ဘဲ ဒေသတွင်းရှိ KNU ၏ Charter အတည်ပြုခြင်း၊ ထားဝယ်တပ်တော် (Dawei Army) ဖွဲ့စည်းခြင်းတို့နှင့် ဟန်ချက်ညီ လှုပ်ရှားနေခြင်း ဖြစ်သည်။ ဤစာတမ်းသည် မွန်တော်လှန်ရေး၏ အဆင့်ဆင့်သော ဖြစ်စဉ်များကို မှတ်တမ်းတင်ထားရုံသာမက၊ ရှေ့ဆက်ရမည့် “တော်လှန်ရေးအစိုးရ” ဖွဲ့စည်းရေးနှင့် လူထုဝန်ဆောင်မှု လုပ်ငန်းများအတွက် လမ်းပြမြေပုံကိုပါ တင်ပြထားသည်။

    နိဂုံး

    လက်ရှိတွင် မွန်တော်လှန်ရေးသည် လူထု၏ ယုံကြည်ကိုးစားမှုနှင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရယူနိုင်ရန် မြေပြင်အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အားစိုက်ရန် လိုအပ်ကြောင်း စာတမ်းက အကြံပြုထားသည်။ မွန်တော်လှန်ရေးသည် ရှေးဟောင်းသမိုင်းဝင် ဂုဏ်ဒြပ်များထက် လက်ရှိကာလ၏ နိုင်ငံရေးအရှိတရားကို ဘယ်လောက်အထိ ထိန်းကျောင်းနိုင်မလဲဆိုသည်ကပင် အဓိက သော့ချက် ဖြစ်ပါသည်။

    ဤစာတမ်းသည် မွန်တော်လှန်ရေးအတွက် “လမ်းညွှန်မြေပုံ” တစ်ခုဟု ဆိုနိုင်သော်လည်း မြေပုံပေါ်တွင် လျှောက်လှမ်းရမည့်သူမှာ မွန်တော်လှန်ရေး အင်အားစုများသာ ဖြစ်ပါသည်။ ရာမည၏ နိုင်ငံရေးလောင်းကြေးသည် မြင့်မားလှသဖြင့် မှားယွင်းသော ခြေလှမ်းတိုင်းသည် သမိုင်းတွင် နောင်တရစရာများ ဖြစ်လာနိုင်ပါကြောင်း သတိပေး သုံးသပ်တင်ပြလိုက်ရပါသည်။

    ကိုးကား။ ။ ရာမညဖက်ဒရယ်အင်အားစု (NRFF)၊ ရာမညဒေသလေ့လာရေးဌာန (CRS) ၏ “ရာမညတော်လှန်ရေးအတွက် မွန်တော်လှန်ရေးဖိုရမ်” စာတမ်း။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks