မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စစ်ကော်မရှင်ဌာနစုံမှ ယနေ့အထိ မစတင်နိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။
စိုက်ပျိုးရေး ၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုဖွံ့ဖြိုးရေးစသည့် ရက် (၁၀၀) စီမံကိန်းအတွင်း ပါဝင်သည့် လုပ်ငန်များကို ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ အကောင်အထည်ဖော်ရန်ရှိသဖြင့် စစ်ကော်မရှင်အဖွဲ့စုံမှ မွန်နှင့်ကရင်ပြည်နယ်တွင် မြေပြင်ကွင်းဆင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။
ရေးမြို့နယ်အတွင်း သွားလာရေးအခက်အခဲများ၊ လုံခြုံရေးအန္တရာယ်များကြောင့် ကွင်းဆင်းခြင်း စည်းရုံးလှုံ့ဆော်ခြင်းများ မလုပ်နိုင်သေးကြောင်း ဆိုသည်။

ရေးဒေသခံတစ်ဦးက “ ရက် ၁၀၀ စီမံကိန်းအကြောင်းတွေ လှုပ်ရှားတာ ဘာမှမတွေ့သေးဘူး။ ဒီအကြောင်းကိုလည်း သူတို့ဘာမှမပြောဘူး။ ဒီဘက်က ခဏခဏတိုက်ပွဲတွေဖြစ်တယ်၊ ပြီးတော့ဟိုနေ့ကပဲ သူတို့ဗိုလ်ကြီးသေသွားတော့ သွားလာရေးက မလုံခြုံတော့ ဒီစီမံကိန်းကို မလှုပ်ရှားရသေးဘူး” ဟု ရေးမြို့နယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၃ ရက်နှင့် ၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ်အတွင်း ရက်(၁၀၀) စီမံကိန်း လုပ်ငန်းအချို့စတင်ဆောင်ရွက်နေသည့် စစ်ကော်မရှင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့အပါအဝင် ဌာနစုံမှဝန်ထမ်းများကို တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့သဖြင့် လုပ်ငန်း ယာယီရပ်နားထားရကြောင်း သိရသည်။
ဒေသတွင်းလုပ်ခြုံရေးအားကောင်းသည့် ကျိုက်ထို၊ သထုံ၊ ပေါင်နှင့် မုဒုံမြို့နယ်တို့တွင် လူမှူဝန်ဆောင်မှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆင့်လိုက် အကာင်အထည်ဖော်လျှက်ရှိသည်။
ယင်းမြို့နယ်များတွင် မွေးမြူရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်း၊ ဒေသခံများအတွက် စမတ်ကတ်ပြုလုပ်ပေးခြင်း၊ စိုက်ပျိုးရေးချေးငွေများရရှိရန် ထောက်ခံများဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည်ဟု ပေါင်မြို့နယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အဓိကက လဝက က အလုပ်လုပ်နေတယ်။ အဲအပြင်ကို အစိုးရ ဘက်ဂျတ်နဲ့ အလုပ်လုပ်နေတဲ့ ဌာနအားလုံးကို ရက် ၁၀၀ အတွင်းမှာ ပြီးအောင်အလုပ်လုပ်ရမယ်လို့ ပြောတယ်။ ဒီနှစ်မှာ စိုက်ဘဏ်က လယ်သမားတွေကို ၃ သိန်းနဲ့ မေလ ၁၂ ရက်နေ့မှာ စချေးပေးမယ်လို့ ပြောတယ်။ မနှစ်က လယ်သမားတွေကို မိုးစပါးချေးငွေအနေနဲ့ တစ်ဧကကို ၁ သိန်းခွဲပဲ ချေးပေးခဲ့တယ်။” ဟု ပေါင်မြို့နယ် လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာက ပြောသည်။
စစ်ကော်မရှင်မှ အကောင်အထည်ဖော်နေသော ရက်ပေါင်း (၁၀၀) စီမံကိန်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အချိန်တိုအတွင်း မြင်သာထင်ရှားသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရည်ရွယ်ထားသော စီမံကိန်းတစ်ရပ်ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံကဏ္ဍများကို အဓိကထား ဆာင်ရွက်လျှက်ရှိသည်။
သို့သော် ရေး၊ ကျိုက်မရော စသည့် မြို့နယ်များတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေသဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိပေ။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်မည်ဟု စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင် ကတိပေးပြီးနောက် မွန်ပြည်နယ်တွင် လျှပ်စစ်မီးပြတ်တောက်ချိန် ပိုများသည့်အပြင် စက်သုံးဆီဈေးနှုန်းများလည်း ကြီးမြင့်နေဆဲဖြစ်သဖြင့် ပြည်သူများ၏ လိုအပ်ချက်အခက်အခဲများကို အမှန်တကယ်ဦးတည်နေခြင်းမဟုတ်ကြောင်းလည်း မွန်ဒေသခံများ ဝေဖန်ပြောဆိုလျှက်ရှိသည်။




