မွန်ပြည်နယ်၊ မုဒုံနှင့် ရေးမြို့နယ်တွင် အကြမ်းဖက်ဖြစ်ရပ်များကြောင့် မေလ ၃ ရက်နေ့တစ်ရက်အတွင်း အမျိုးသား ၂ ဦး သေဆုံးခဲ့ရသည်ဟု ဒေသတွင်း သတင်းအရင်းမြစ်များက IMNA သို့ပြောသည်။
မေလ ၃ ရက်နေ့ မနေ့က ညနေ ၇ နာရီဝန်းကျင်အချိန်ခန့်တွင် “ဖိုးသူတော်” ဟု ခေါ်သည့် မုဒုံမြို့နယ်၊ ကမာဝက်ဒေသခံအမျိုးသားတစ်ဦး ကမာဝက်-ဖယ်ဒိုကျေးရွာအကြားရှိ၊ ဇီးပင်လမ်းအနီးတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

“အသတ်ခံရတဲ့သူက သူ့အဖေကို ဆီဆိုင်ပို့ပြီးအပြန် လမ်းမှာ ဓားနဲ့အသတ်ခံရတာ။ သူကလည်း သမိုင်းတွေ များတယ်လေ မူးယစ်ဆေးဝါးနဲ့လည်း ဆက်စပ်တယ်၊ အစုံပဲ။ ဘာကြောင့် အသတ်ခံရလဲဆိုတာတော့ ဘယ်သူမှလည်း သေသေချာချာမသိဘူး” မုဒုံဒေသခံတစ်ဦးက ဆိုသည်။
၎င်းအပြင် ဖိုးသူတော်စီးနင်းလာသည့် ဆိုင်ကယ်အပြင် ဖုန်းနှင့်တန်ဖိုးကြီးပစ္စည်းများ ပျောက်ဆုံးနေကြောင်းလည်း ဆက်ပြောသည်။
ရုပ်အလောင်းကို ရဲတပ်ဖွဲ့များက ညတွင်းပိုင်းပင် လာရောက်သယ်ဆောင်သွားပြီး မုဒုံဆေးရုံကြီးသို့ ပို့ဆောင်ကာ ယနေ့ မေလ ၄ ရက်နေ့တွင် မိသားစုများနှင့် မီးသင်္ဂြိုဟ်လိုက်ပြီးဖြစ်ကြောင်း သိရသည်။
ထို့နေ့တွင်ပင် ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာ၊ အသက် ၇၀ အရွယ်ရှိ အမျိုးသားတစ်ဦး စစ်ကော်မရှင်တပ်ဖွဲ့မှ ပစ်ခတ်လိုက်သည့် သေနတ်ထိမှန်ကာ သေဆုံးသွားသည်ဟု သိရသည်။
“စစ်တပ်က မူးယစ်ဆေးရောင်းတဲ့သူကို ဖမ်းရင်း သေနတ်ပစ်လိုက်တာ၊ အဲ့သေနတ်ကျည်က အဲ့အဘိုးကို ထိသွားတယ်။ ထိထိချင်းတော့ ဆေးရုံပို့လိုက်တယ်။ ဆေးရုံရောက်မှ ဆုံးသွားတယ်လို့ ကြားတာပဲ။”ဟု ရေးဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူသည် ချောင်းတောင်ကျေးရွာ၊ ညောင်လေးပင်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်သည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း ရေးဘီလူးအဖွဲ့အပြင် အခြားအမည်မသိ လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှုကြောင် ရေးမြို့နယ်မှ ပျူစောထီး ၁ ဦး သေဆုံးပြီး မုဒုံမြို့နယ်မှ အမျိုးသား ၂ ဦး သေဆုံးခဲ့ရသည်။
မုဒုံမြို့နယ်အတွင်း အမည်မသိလက်နက်ကိုင်အဖွဲ့ထံ ပစ်ခတ်ခံရသူများသည် မူးယစ်ဆေးဝါးအပြင် လောင်းကစားကိစ္စနှင့်ပါဝင်ပတ်သတ်နေသူများ ဖြစ်ကြောင်းလည်း သိရသည်။




