ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ကို Jet Fighter လေယာဉ်များဖြင့် စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်သဖြင့် လသားအရွယ် ကလေး ၁ ဦး အပါအဝင် အရပ်သား ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသား အစည်းအရုံး-KNU မှ ယမန်နေ့က ထုတ်ပြန်သည်။
မောတောင်မြို့အတွင်းသို့ ပြီးခဲ့သည့် မေလ ၂ ရက်နေ့ ညနေ ၂ နာရီဝန်းကျင်တွင် စစ်တပ်မှ Jet Fighter လေယာဉ်များဖြင့် ပေါင် (၂၅၀) ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
ဗုံးသီးများ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး လသားအရွယ် ကလေးငယ် ၁ ဦး အပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ မောတောင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယမန်နှစ်နှင့် နိုဝင်ဘာလက ထိန်းချုပ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်၍ ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည်ဟု မြိတ်-ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ချင်လို့ပါနော် လေယာဉ်နဲ့ ဗုံးလာကြဲတာ နေ့တိုင်းနီးပါးပဲ။ တခါတလေ တစ်ရက်ကို သုံးကြိမ်ထိကြဲတယ် သူတို့က မြေပြင်အင်အားဆက်သွယ်ရေးကနေပြီးတော့ သူတို့ထောက်လှန်းရရှိတဲ့အချိန်ဆို လာကြဲပြီး။ မြေပြင်စစ်ကြောင်းထိုးတာနဲ့ အချိန်ကိုက်ကြဲတာ အဲလို့ပေါ့။" ဟု တာဝန်ရှိသူက ဆိုသည်။
ပြီးခဲ့သည် ဧပြီလ၂၆၊ ၂၇ ရက်နေ့ နှစ်ရက်တာတွင် မောတောင် မြို့ပေါ်ရပ်ကွက်အတွင်းသို့ ဗုံး ၁၂ လုံးထက်မနည်း ကြဲချတိုက်ခိုက်မှုကြောင့် ဆီအုန်းစိုက်ပျိုးရေးစီမံကိန်း အလုပ်သမားတန်းလျား ထိခိုက်ပျက်စီးကာ ဇနီးမောင်နှံလုပ်သား ၂ ဦး သေဆုံးသွားခဲ့ရသည်။
မောတောင်မြို့အပြင် တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှုအားကောင်းသည့်၆ မိုင်နှင့် ဘန်လောကျေးရွာဘက်သို့လည်း အပြည့်အဝထိန်းချုပ်ရန် စစ်ကော်မရှင်စခန်းအတွင်း စစ်အင်အားများ ပြန်လည်ဖြည့်တင်းထားသည်ဟု သိရသည်။
အဆိုပါ ကျေးရွာများအတွင်း စစ်အင်အားဖြည့်ရန် စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်စစ်တပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသဖြင့် စစ်ကြောင်းအဖွဲ့များ အထိနာပြီး ရှေ့ဆက်မတိုးနိုင်ကြောင်း မြိတ်-ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦး ပြောသည်။
“ သူတို့လိုချင်တာ မောတောင်တစ်ခုတည်းမဟုတ်ဘူး။ စစ်ရေးလှုပ်ရှားမှုအားကောင်းတဲ့နေရာတွေကို သူတို့ကထိန်းချင်တာပေါ့။ အဲ့ကြောင့် ဒီဘက်မှာရှိတဲ့ စခန်းတွေမှာ အင်အားဖြည့်တယ်။ အဲဒါကိုကျနော်တိုက ခုခံတဲ့အနေနဲ့ ပြောက်ကျားစနစ်နဲ့တိုက်တယ်။ ဒရုန်းနဲ့ ဗုံးသီးတွေကြဲတယ် ချောင်းပစ်တယ်ပေါ့ သူတို့က အထိနာနေတာ ” ဟု ဆိုသည်။
ပြီခဲ့သည့် ဧပြီလ ၂၇၊ ၂၈၊ ၃၀ ရက် နေ့တွင် ၅ မိုင်၊ ၆ မိုင်နှင့် ဘန်လောကျေးရွာအနီးတွင် စစ်ကော်မရှင် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်ခြင်း၊ RPG ဖြင့် တိုက်ခိုက်မှုနှင့် နှစ်ဖက်ထိတွေ ပစ်ခတ်မှုကြောင့် စစ်ကော်မရှင်အဖွဲ့မှ တပ်သားတစ်ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ခြေလျှင်တပ်ရင်း အမှတ် (၂၂၄) အပါအဝင် ရဲများနှင့် ပြည်သူ့စစ်များ တပ်စွဲထားပြီး အမြှောက်ကုန်းတစ်ခုရှိသော မောတောင်မြို့ကို ကရင်အမျိုးသားအစည်းအရုံး KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၅ ခုနှစ် နိုင်ဝင်ဘာ ၁၄ ရက်နေ့ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။
တနင်္သာရီတိုင်းအတွင်း စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲသည် ပြီးခဲ့သည့် မတ်လအတွင်း ၇၀ ကြိမ်ထက်မနည်း ဖြစ်ပွားကဲ့ပြီး ဒေသခံ ၇၉၇၀၀ ဦး စစ်ဘေးတိမ်းရှောင်နေရကြောင်း FE5 တနင်္သာရီမှ ဧပြီ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။




