အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှုများ လုပ်ဆောင်နေကြောင်း နိုင်ငံရေး သုံးသပ်သူများက ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က အရပ်သားအစိုးရထံမှ နိုင်ငံတော်အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်အကြာတွင် စစ်ယူနီဖောင်းချွတ်ကာ အရပ်သားအစိုးရသဏ္ဍာန် ပုံဖော်လာခဲ့သည်။
စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက် စစ်ယူနီဖောင်းမှ အရပ်သားယူနီဖောင်း ပြောင်းလဲခြင်းသာဖြစ်ကြောင်း ယခင်အာဏာရှင်အဆက်ဆက်ကလည်း ၎င်းလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

“သူတို့ရဲ့ အခြေခံ ညီမှန်းချက်က မပြောင်းဘူးလေ။ သူက ရုပ်သဏ္ဌာန်မှာ ပြောင်းတာ။ ဒါမျိုးက စစ်အာဏာရှင်စနစ်က တောက်လျှောက် ဒီလိုပဲ လုပ်နေတာပဲလေ။ ဗိုလ်ချုပ်ကြီးနေဝင်းတုန်းကလည်း ဦးနေဝင်းပြောင်းပြီး သမ္မတလုပ်ပြီ ဒီလိုပဲ ပြည်သူတွေ ငြိမ်းချမ်းရေးခေါ်တယ် လုပ်ပြီး အားလုံး မြေပေါ်ရောက်တဲ့အခါ ဖမ်းဆီးထောင်ချတယ်။ သူတို့ရဲ့ ညီမျှချက်က တစ်ခုပဲ။ ဒီစစ်အာဏာရှင်စနစ်ကို ရေရှည် အသက်ဆိုးရှည်ရေးအတွက်ပဲ သူတို့ ကြိုးစားနေတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဘာမှမထူးဘူး။ ပိုပြီးတော့တောင် လုပ်လာစရာရှိဦးမယ်၊ သူတို့ လက်နဲ့ ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မလာရင်တော့ ဗုံးကြဲရမှာပဲလို့တောင် ပြောနေတာလေ တချို့က။ အဲတော့ ဒါက ဆက်လုပ်မှာပဲ ဗျ။” ဟု ပြောသည်။
ဦးမင်းအောင်လှိုင်ဦးဆောင်သော အဖွဲ့သည် ပြည်သူလူထုနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ထောက်ခံမှု ရရှိရန် ရက် ၁၀၀ စီမံကိန်း ငြိမ်းချမ်းရေးလုပ်ငန်းများ ကြေညာခဲ့သလို တဖက်တွင်လည်း လူထုအား အကြောက်တရားဖြင့် အုပ်ချုပ်ရန် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေဟု ၎င်းက ဆက်ပြောသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သျှမ်းမြောက်တွေ တော်လှန်ရေး အင်အားစုများ နှင့် စစ်အုပ်စုတို့ တိုက်ပွဲများ ရပ်ဆိုင်းသွားခြင်းကြောင့် ရခိုင်၊ ချင်း၊ ကရင်၊ မွန်၊ တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုက လေကြောင်း ပိုမိုအသုံးပြု၍ ထိုးစစ်ဆင် တိုက်ခိုင်နေသည်ဟု ဆိုသည်။
မင်းအောင်လှိုင်သည် နိုင်ငံ၏ အကြီးအကဲဖြစ်သည်ဟု ပြသလို၍ ရက် ၁၀၀ စီမံကိန်းဖြင့် ငြိမ်းချမ်းရေး ခေါ်ကာ တော်လှန်ရေးတပ်ဖွဲ့များအား ဖိအားပေးခြင်းဟု မြင်မိကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။
“သူဟာ နိုင်ငံရေးရဲ့ ခေါင်းဆောင်ဖြစ်တယ်ပေါ့ဗျာ၊ နိုင်ငံရဲ့ အကြီးအကဲဖြစ်တယ်။ သူ့လက်ထက်မှာ တိုင်းပြည်တွေ တည်ငြိမ်အေးချမ်းတယ်ဆိုတဲ့ ဟာမျိုးကို ပုံဖော်ဖို့ လိုတဲ့အတွက်မှာ အခုလို အခုတစ်နိုင်ငံလုံးမှာက ပြည်တွင်းစစ်ဖြစ်နေတယ်လေ။ အဲဒါကို မအလ နဲ့ သူ အပေါင်းအပါတွေ အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေကို သတ်ဖြတ်နေတယ်။အခု အဲဒီဟာတွေကို သူတို့ကတော့ ‘ငြိမ်းချမ်းရေး’ ဆိုတဲ့ ဟာမျိုးနဲ့ ပြန်ပြီးတော့ ချွေးသိပ်ဖို့အတွက် လောလောဆယ် သူတို့ကလည်း ရက် ၁၀၀ စီမံကိန်းမှာနေပြီးတော့ အပစ်ရပ်ဖို့ ‘ငြိမ်းချမ်းရေးခေါ်ဖို့’ ဆိုတဲ့ ဟာမျိုးတွေလည်း ထုတ်ပြန်ထားတာကိုလည်း တွေ့ရတယ်။ အဲဒီအတွက် ဒေသသီးသီးမှာ ရှိတဲ့ တော်လှန်ရေးအဖွဲ့တွေက ဖိအားပေးတယ်လို့ မြင်ပါတယ်။” ဟု ပြောသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စု၏ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁၁၅) ဦးနှင့် အမျိုးသား (၁၂၂) ဦး စုစုပေါင်း (၂၃၇) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အဆိုပါ အရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၄၂) ဦး ပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော သတင်းအချက်အလက်များအရ သိရသည်။
အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၂၃ ရက်နေ့အထိ နိုင်ငံတဝန်းတွင် စစ်အုပ်စု၏ လက်နက်ကြီးဖြင့်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၁) ဦး၊ အမျိုးသား (၁၆) ဦး စုစုပေါင်း (၃၇) ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။




