Homeသတင်းအတ္ထရံမြစ်ရေ တိုးလာသည့်အတွက် ကျိုက်မရော အနိမ့်ပိုင်းနေရာများ ရေကြီးရေလျှံမှုဖြစ်

အတ္ထရံမြစ်ရေ တိုးလာသည့်အတွက် ကျိုက်မရော အနိမ့်ပိုင်းနေရာများ ရေကြီးရေလျှံမှုဖြစ်

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် အတ္ထရံမြစ်ရေတိုးလာပြီး အနိမ့်ပိုင်းနေရာများ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး အတ္ထရံမြစ်ရေတက်လာခြင်းကြောင့် ကျိုက်မရောမြို့ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့်ရှင်စောပု ရပ်ကွက် ၁ နှင့် ရပ်ကွက် ၂၊ ရန်မျိုးအောင်များအပြင် မြစ်ကမ်းဘေးရှိ ဦးလေး၊ ငါးပြေမ၊ လမုခို၊ ဖာသိမ်ကမ်းနား၊ ပေါလောကုန်း အစရှိသည့် ကျေးရွာများတွင်လည်း ရေဝင်ရောက်နေသည်ဟု ဆိုသည်။

မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များ၊ မြစ်ကမ်းဘေးကျေးရွာများအတွင်း ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး ရေဝင်ရောက်လာကြောင်း၊ မြစ်ကမ်းနားဘေးနေထိုင်နေကြသည့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်နေကြရကြောင်း ကျိုက်မရောမြို့ခံတစ်ဦးက ပြောသည်။

“ရေတက်ရက်နဲ့ မိုးလည်း ဆက်တိုက်ရွာနေမယ်ဆိုရင်တော့ ရေက ပိုတိုးလာဖို့ပဲ ရှိတယ်။ အခုတောင် အချို့နေရာမှာ ခါးလောက်အထိ ဖြစ်နေတယ်။” ဟု ကျိုက်မရောမြို့ခံတစ်ဦးက ပြောသည်။

လတ်တလောတွင် ရေဝင်ရောက်နေသည့် အနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများ ရေလွတ်ရာသို့ ပြောင်းရွှေ့နေကြရသည်ဟု ဆိုသည်။

အတ္ထရံမြစ်ကမ်းဘေးရှိ ဦးလေးကျေးရွာတွင်လည်း ရေကြီးနစ်မြုပ်မှုဖြစ်ပွားနေပြီး စာသင်ကျောင်းများ ယာယီပိတ်ထားရသလို ကမ်းနားပိုင်းနေထိုင်သူများလည်း ရေလွတ်ရာနေရာသို့ ပြောင်းရွှေ့ထားကြသည်ဟု ဦးလေးကျေးရွာခံတစ်ဦးက ပြောသည်။

“ဦးလေးကျေးရွာထဲက ဩဂုတ်လတတိယအပတ်လောက်ကလည်းက ရေက ဝင်နေတာ။ မနေ့ (ဩဂုတ် ၂၅) ကတော့ ရေက ရွာလယ်ဘုရားအထိကို ရောက်လာတယ်။” ဟု ၎င်းက ပြောသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ အတ္ထရံမြစ်ရေလျှံတက်မှုကြောင့် ကျိုက်မရောမြို့ အနိမ့်ပိုင်း ရပ်ကွက်၊ ကျေးရွာများတွင် နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိပြီး အချိန်ကြာမြင့်တက်သည့်အတွက် ဒေသခံများ၏ ကျန်းမာရေး၊ စီးပွားရေး ကိစ္စများ အခက်အခဲများဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts