မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဖယ်ဒိုကျေးရွာနေ အသက် ၅၀ အရွယ်ဝန်းကျင်ရှိ ဦးဟလယ်ဆိုသူကို လူ ၆ ဦးပါသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ နေအိမ်အထိ လာရောက် ပစ်ခတ်ခဲ့ပြီး တန်ဖိုးကြီးပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ဒေသတွင်း သတင်းအရင်းမြစ်မှ သိရသည်။
ဦးဟလယ်နေအိမ်သို့ ယမန်နေ့ ဧပြီ ၂၇ ရက် ညနေ ၆ နာရီခွဲဝန်းကျင်က ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာသည့် အမည်မသိ လက်နက်ကိုင်အဖွဲ့သည် နေအိမ်ရှိ မိသားစုဝင်များကို ချုပ်နှောင်ထားပြီး၊ ဦးဟလယ်ကို နေအိမ်အပေါ်ထပ်သို့ခေါ်ဆောင်၍ ပစ်သတ်လိုက်သည်ဟု မုဒုံဒေသခံတစ်ဦးက IMNA သို့ ပြောသည်။

“သူ့မိန်းမနဲ့ သမီးကိုချုပ်နှောင်ထားတာ။ ဟလယ်ကိုပဲ အပေါ်ထပ်ခေါ်သွားပြီး အပေါ်မှာပဲပစ်လိုက်တာ ဆိုင်ကယ်၃ စီးနဲ့သူတို့လာတာ သူ့သမီးဆိုင်မှာဈေးရောင်းနေတာပဲ သတိမထားမိဘူး၊ သူတို့ဝင်လာချိန် တံခါးကိုပေးပိတ်လိုက်တယ် ပစ်တာက သေနတ်အတိုနဲ့ပဲ" ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။
နေအိမ်အတွင်း ဝင်သွားသည့် လက်နက်ကိုင်များ၏ ဆိုင်ကယ်ကို ရွာခံများက သော့သိမ်းဆည်းလိုက်သဖြင့် အိမ်ရှေ့ရပ်ထားသည့် ဈေးဝယ်သူများ၏ ဆိုင်ကယ်နှစ်စီးကို စီးနင်းယူဆောင်သွားပြီး ၎င်းတို့၏ ဆိုင်ကယ်များကို နေရာတွင်မီးရှို့ဖျက်ဆီးခဲ့သည်။
၄င်းအပြင် လက်နက်ကိုင်အဖွဲ့များသည် ဦးဟလယ်နေအိမ်မှ ငွေနှင့်တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်သွားခဲ့သေးကြောင်း အထက်ပါ ဒေသခံကပြောသည်၊
ဒေသခံအမျိုးသမီးတစ်ဦးက “ ငွေကသိန်းလေးရာနဲ့ ရွှေတွေလည်း ပါသွားတယ်။ သူက အလှူအတန်းလည်းရက်ရောတယ်၊ ဒါမဲ့ မူးယစ်ဆေးဝါးလည်း ရောင်းတယ်၊ သူများခိုးလာတဲ့ပစ္စည်းတွေကို အဝယ်လက်ခံတယ် အဲ့လိုလုပ်နေတာတော့ကြာပြီး” ဟု ပြောသည်။
ဦးဟလယ်သည် ခိုးဆိုးယူလုယက်သူများမှ ယူဆောင်လာသည့် တန်ဖိုးရှိပစ္စည်းများကို အပေါင်ငွေ ထုတ်ပေးနေမှုကြောင့် ဒေသခံများအကြား လူမှုရေးပြဿနာများ မကြာခဏ ဖြစ်နေကြောင်းလည်း သိရသည်။
ယခုပစ်ခတ်မှုကို မည်သည့်လက်နက်ကိုင်အဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့သည့်ကို မသိရှိရကြောင်း၊ စစ်ကော်မရှင်အဖွဲ့မှလည်း လာရောက်စစ်ဆေးရေး မလုပ်ဆောင်ရဲကြောင်းလည်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ကလည်း အမည်မသိလက်နက်ကိုင်များထံပစ်ခတ်ခံရမှုကြောင့် ကမာဝက်ဒေသခံအမျိုးသား တစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ရသည်။
စစ်အာဏာသိမ်းကာလအတွင်း စစ်ကော်မရှင်အဖွဲ့နှင့် အချိတ်အဆက်ရှိသူ လောင်းကစားဝိုင်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ဒေသတွင်း တော်လှန်ရေးအဖွဲ့တို့မှအရေးယူ ဖမ်းဆီးမှုလုပ်ဆောင်မှုများ လုပ်ဆောင်နေခြင်းများရှိကြောင်း သိရသည်။




