Monday, April 27, 2026
More
    spot_img
    Homeဆောင်းပါးဘုရားသုံးဆူဒေသနှင့် အမှောင်လွှမ်းသော တရားမဝင် စီးပွားရေးလုပ်ငန်းများ

    ဘုရားသုံးဆူဒေသနှင့် အမှောင်လွှမ်းသော တရားမဝင် စီးပွားရေးလုပ်ငန်းများ

    -

    ၂၀၂၆ ခုနှစ်တွင် ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသတွင် တရုတ်လူမျိုးတို့၏ တရားမဝင် လောင်းကစားမှုများနှင့်အတူ ကျားဖြန့် online ငွေလိမ်လုပ်ငန်းများ တိုးပွားလာခဲ့သည်သာမက လိင်ပိုင်းဆိုင်ရာ ရောင်းစားမှု (ပြည့်တန်ဆာ) လုပ်ငန်းများသည်လည်း ဘုရားသုံးဆူမြို့ နေရာအနှံ့အပြားတွင် ယခင်နှစ်များထက် များစွာလွန်ကဲ၍ ပျံ့နှံ့နေပြီ ဖြစ်သည်။

    ၂၀၂၂ – ၂၀၂၃ ခုနှစ် ဘုရားသုံးဆူဒေသအား KNU နှင့် DKBA တို့ လွှမ်းမိုးချုပ်ကိုင်လာခဲ့သည့် အချိန်မှစ၍ ဘုရားသုံးဆူဒေသတွင် တရုတ်လူမျိုးများနှင့်အတူ တရားမဝင် စီးပွားရေးလုပ်ကိုင်သူများ များပြားလာကြသည်။ အမှောင်လောက စီးပွားရေးလုပ်ငန်းများဖြစ်သည့် ကာစီနိုလောင်းကစားမှုများ၊ ကျားဖြန့်ငွေလိမ်လုပ်ငန်းများ၊ ပြည့်တန်ဆာရုံများ၊ လူကုန်ကူးမှုများသည်လည်း တိုးပွားနေလျှက်ရှိသည်။ ဒေသခံအရပ်သား ပြည်သူများအတွက် အကျိုးမဲ့သော လုပ်ငန်းများဖြစ်သော်လည်း ၎င်းလုပ်ငန်းများမှ အဆမတန်ရရှိနေသော ထောက်ပံ့ငွေ အခွန်ကောက်ငွေများကြောင့် ဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် လက်နက်ကိုင် အဖွဲ့အစည်းများကာ မျက်စိမှိတ် နားပိတ်ကာ နေလာခဲ့ကြသည်။

    တရုတ်လူမျိုးများ ဘုရားသုံးဆူဒေသသို့ ဝင်ရောက်လာခဲ့သည့် ၂၀၂၂ ခုနှစ်လောက်မှစ၍ ဘုရားသုံးဆူဒေသ၏ အုပ်ချုပ်ခံ လူတန်းစားများမှာ နင်းပြားများ ဖြစ်ခဲ့ကြရသည်။

    နိုင်ငံသားကဒ် ကိုင်ဆောင်ထားကြသည့် ဘုရားသုံးဆူဒေသခံ တရုတ်ကိုယ်စာလှယ်များက ဒေသခံတို့၏ မြေကွက်၊ မြေရိုင်းများနှင့် စီးပွားရေးအတွက် အချက်အချာကျသော နေရာများတွင် မြေဈေးကွက်များကို လက်နက်ကိုင် အာဏာပိုင်များနှင့် ပေါင်းကာ မတန်တဆ ဈေးပေး၍ ဝယ်ယူခြင်း၊ ၎င်းမြေကွက်များပေါ်တွင် တရားမဝင် စီးပွားရေးများ လုပ်ကိုင်နိုင်ရန်အတွက် အဆောက်အဦးများ ဆောက်လုပ်ခြင်းကို တစိုက်မတ်မတ် လုပ်ဆာင်လာခဲ့ကြသည်မှာ ယခုနှစ် ၂၀၂၆ ထိပင် ဖြစ်သည်။

    ထိုသို့ ကျယ်ပြန့်လာခြင်းကြောင့်လည်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်များအား အခက်အခဲ အကျပ်အတည်းများဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် ထိုင်းအစိုးရက နယ်စပ်ဒေသများကို လျှပ်စစ်ဓာတ်အားများ ပေးပို့နေခြင်းကို ရပ်တန့်လိုက်သလို ဖုန်းလိုင်း ဆက်သွယ်မှုများ၊ အင်တာနက် ဆက်သွဟ်မှုများကိုလည်း ဖြတ်ထောက်ဖြစ်ခဲ့သည်။

    ထိုင်းအစိုးရ၏ လုပ်ရပ်သည် တရုတ်များအား ထိခိုက်နစ်နာစေမှု မဖြစ်ဘဲ ခုတ်ရာတခြား ရှရာတခြားနှင့် ဒေသခံပြည်သူများသာ နစ်နာခဲ့ကြသည်။ တရုတ်များကတော့ အင်ဂျင်စက်ကြီးမျာ ဆိုလာဘက်ထရီမီးများနှင့် ၎င်းတို့၏ လုပ်ငန်းများကို ဆက်လက်၍ အကောင်အထည်ဖော်လျှက်ရှိသည်။

    ငွေကြေးအင်အား တောင့်တင်းသော တရုတ်များသည် ၎င်းတို့၏ ကိုယ်စာလှယ်များမှတဆင့် ဘုရားသုံးဆူမြို့ မိန်းလမ်းရှိ အဆောက်အအုံများကို မတန်တဆဈေးပေး၍ ငှားရမ်းခြင်း၊ ၎င်းတို့ ဝယ်ယူထားသော မြေလွတ်များတွင် အဆောက်အဦးများ ဆောက်ခြင်း၊ ၎င်းအဆောက်အဦးများတွင် အပေါ်ယံလုပ်ငန်းများကို ဗန်းပြပြီး တရားမဝင် လုပ်ငန်းများကို လျှို့ဝှက် လုပ်ကိုင်နေကြသည်သာမက လိင်ဖျော်ဖြေရေးလုပ်ငန်း (ပြည့်တန်ဆာ) လုပ်ငန်းများကိုပါ လုပ်ကိုင်နေကြသည်ကိုလည်း နားမဆံ့အောင် ကြားနေရပါသည်။

    ဘုရားသုံးဆူမြို့တွင် လူနေမှု သိပ်သည်းထူထပ်လာသည်နှင့်အမျှ တရုတ်များ၏ လုပ်ငန်းများသည်လည်း တွင်ကျယ်လာခဲ့သည်ကို မြင်တွေ့ ကြားသိနေရသည်။

    ဥဒေါင်ကန်ဘက်ခြမ်းရှိ တရုတ်တို့၏ အဆောက်အဦးများတွင် တရားမဝင်သော ငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများအပြင် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှု (ပြည့်တန်ဆာ) လုပ်ငန်းများကိုပါ လုပ်ကိုင်နေကြကြောင်းလည်း ပြောဆိုနေကြသည်။ တရုတ်တို့၏ ပြည့်တန်ဆာလုပ်ငန်းများအပြင် ဘုရားသုံးဆူဒေသခံ စီးပွားရေးလုပ်ငန်းရှင်များကလည်း ၎င်းတို့ပိုင်ဆိုင်သော တည်းခိုခန်းများတွင် လိင်ဖျော်ဖြေရေး (ပြည့်တန်ဆာ) လုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြသည်ကိုလည်း ကြားသိနေရပေသည်။

    ဒေသလုံခြုံရေး DKBA အားကိုးနှင့် တရုတ်များ လူတွင်ကျယ်လုပ်လာကြသည်။ ဘုရားသုံးဆူမြို့ ဘုရင့်နောင်လမ်းမကြီးဘေးရှိ မြပန်းစက်သုံးဆီနှင့် သောက်ရေသန့်လုပ်ငန်းနှင့် ကပ်လျှက် နှစ်ဧကခန့် ကျယ်သော မြေကွက်လပ်တွင် (AAA) ဟိုတယ်ကြီးတစ်လုံးကိုလည်း တရုတ်များ၏ ငွေနှင့် DKBA ကလို့ထူးဘော အမှတ် (၂) ဗျူဟာမှ စီးပွားရေးတာဝန်ခံ ဦးသာပု၏ အမည်နှင့် ၂၀၂၅ နှစ်လယ်ပိုင်းခန့်တွင် တည်ဆောက်ခဲ့ပြီး ၂၀၂၅ ဒီဇင်ဘာလတွင် ဟိုတယ်ဖွင့်ပွဲကြီးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့သည်။ ဘန်ကလိုပုံစံ တည်ဆောက်ထားသော (AAA) ဟိုတယ်မှာ အခန်းပေါင်း (၅၀) ကျော်ခန့်ရှိပြီး လုံခြုံရေး အစောင့်အရှောက်များကိုလည်း ၂၄ နာရီ ချထားလျက်ရှိသည်ဟုလည်း ဟိုတယ်အနီးဝန်းကျင်ရှိ အရပ်သားများက ပြောဆိုနေကြသည်။

    ဘန်ကလိုပုံစံဆန်ဆန် တည်ဆောက်ထားသော (AAA) ဟိုတယ်ရှိ အခန်းများတွင် စားသောက်ခန်း၊ ကာရာအိုကေခန်း၊ အနှိပ်ခန်း (မာဆက်) အခန်းများနှင့် ဧည့်သည်များ တည်းခိုရန် အခန်းများပါရှိသည်။ လိင်ဖျော်ဖြေရေးအတွက် ဇိမ်မယ်များ (ပြည့်တန်ဆာ) များမှာ မြန်မာပြည်ဖွား တိုင်းရင်းသားများ မဟုတ်ကြဘဲ ပြည်ပမှ ပြည့်တန်ဆာမယ်များကို နှစ်ချုပ်နှင့် ငှားရမ်းထားသည်ဟု သိရသည်။ (AAA) တွင်ရှိသော ပြည့်တန်ဆာမယ်များမှာ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ကိုးရီးယား၊ ဂျပန်၊ လာအိုမှ ဇိမ်မယ်များ ဖြစ်ကြသည်။

    ပျော်ပါးရသည့် အခကြေးငွေ တန်ဖိုးမှာလည်း အဆမတန် များလွန်းသောကြောင့် တရုတ်လူမျိုးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများမှလွဲ၍ သာမန်အရပ်သားများ သွားရောက် ပျော်ပါးနိုင်ခြင်း မရှိကြဟုလည်း (AAA) နှင့် နီးစပ်သူများက ပြောဆိုကြသည်။

    (AAA) ဟိုတယ်မှာကဲ့သို့ ငွေကြေးအမြောက်အများ အကုန်ကျခံကာ မပျော်ပါးနိုင်သူများက ဘုရားသုံး ဆူမြို့တွင်းရှိ တည်ခိုခန်းများဖြစ်သော လမင်း၊ အင်ကြင်ပန်း၊ သဇင်ဦး စသည့်တည်းခိုခန်းများနှင့် မထင်မရှား ဖွင့်ထားသော ပြည့်တန်ဆာလုပ်စားသည့်အိမ်များတွင် အခကြေးငွေနည်းနည်းနှင့် ပျော်ပါးနေကြသည်များလည်း ရှိနေကြသည်ကို ကြားသိနေရသည်။ လူဦးရေ (၅၀၀၀၀) ငါးသောင်းအထက်တွင်ရှိသော ဘုရားသုံးဆူမြို့တွင် တောင်ယာခြံလုပ် လက်လုပ်လက်စား အခြေခံလူတန်းစားများ သုံးပုံတစ်ပုံခန့်သာရှိပြီး ကျန်ရှိသောလူများမှာ ကုန်သည်ပွဲစားများ၊ လူကုန်ကူးသူများ၊ လောင်းကစားဝိုင်းမျိုးစုံ ဖွင့်သူများနှင့် ကာစီနို ကျားဖြန့်ကဲ့သို့ အမှောင်လောက စီးပွားရေးသမားများသာ ဖြစ်ကြသည်။

    ယခုနှစ် (၂၀၂၆) တွင် ဘုရားသုံးဆူမြို့ နရာအနှံ့အပြားတွင် တရုတ်လူမျိုးတို့၏ လက်ဝေခံများက တရုတ်များအတွက် အဆောက်အဦးများကို တည်ဆောက်နေကြလျက်ရှိသလို ဘုရားသုံးဆူဒေသအတွင်း ဝန်းကျင်တွင်လည်း တရုတ်များနေထိုင်ရန် အဆောက်အဦးများ ကျော့ဗလုကျေးရွာအနီးရှိ သဘာဝရေကူးကန်အနီးတွင်လည်း မြေဧက (၄၀) ခန့် ကျယ်ဝန်းသည့် နေရာတွင်လည်းကောင်း DKBA ဗိုလ်အေဝမ်း၏ သဘာဝချောင်းဆုံရေတံခွန်တွင်လည်းကောင်း ကလို့ထူးဘောဗျူဟာ DKBA အုပ်ချုပ်ရာ ကြိမ်ချောင်းကျေးရွာ အနီးတစ်ဝိုက်တွင်လည်းကောင်း၊ တရုတ်များ အခြေချနေထိုင်ရန်အတွက် အဆောက်အဦးများကို တည်ဆောက်နေကြလျှက်ရှိသည်။

    ဤအတိုင်းဆိုလျှင် (၁၉၉၂) ခုနှစ် ဘုရားသုံးဆူမြို့ စတည်ပြီးကတည်းက ကိုယ့်အားကိုယ်ကိုးကာ သစ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်းများနှင့် လျှပ်စစ်မီးများ (၂၄) နာရီ လည်ပတ်လျှက်ရှိပြီး အေးချမ်းသာယာလျက်ရှိသော ဘုရားသုံးဆူမြို့လေးသည် ဝိသမလောကသား မသမာသူများ လာရောက်အခြေချကာ လောင်းကစားမှုများ လိမ်လည်မှုများ နိုင်ထက်စီးနင်းမှုများနှင့် အနယ်ထိုင်ကာ ပြန်လည်ပြုပြင်၍ ရနိုင်တော့မည်မဟုတ်သော “အမှောင်လွမ်းသော တရားမဝင်စီးပွားရေးလုပ်ငန်းများနှင့် ဘုရားသုံးဆူဒေသ” အဖြစ်သာ တင်ပြလိုက်ရပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,600SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks