စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်မှ အသွင်းကူပြောင်းရေးအနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းလုပ်ငန်းစဉ်အပြင် ဒေသဖွံ့ဖြိုးရေး၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးနှင့် လိုအပ်သည်များကို လုပ်ဆောင်ပေးမည်ဟု ကတိပေးပြီးနောက် ရပ်ကျေးအဖွဲ့အစည်းများမှတစ်ဆင့် ပြည်သူများအား စည်းရုံးမှု စတင်လုပ်ဆောင်လာနေကြောင်း သိရသည်။
မွန်တိုင်းရင်းသားရေးရာဝန်ကြီးမှ ဦးဆောင်ပြီး စည်ပင်၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်စွမ်းအင်းနှင့် အခြားဌာနဆိုင်ရာများအဖွဲ့ပေါင်းစုံမှ ကော့ဘိန်း၊ ကော့ပေါက်ရှိ ရပ်မိရပ်ဖများနှင့် ဧပြီလ ၂၂ ရက်နေ့က လာရောက်တွေ့ဆုံခဲ့သည်။
တောင်သူလယ်သမားများအား ချေးငွေနှုန်းထား တိုးမြှင့်ပေးရေး၊ တိုင်းရင်းသားစာပေသင်ကြားရေး ဆရာ၊ဆရာမများ၏ လစာနှုန်းထားတိုးမြှင့်ပေးရေးကိစ္စများ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စအပြင် အခြားဒေသဖွံ့ဖြိုးရေးဆိုင်ရာများပြောဆိုခဲ့ကြောင်း ကော့ကရိတ်ဒေသခံတစ်ဦးက ဆိုသည်။
အရပ်သားအစိုးရအသွင် တရားဝင်မှုရှာဖွေသည့်လုပ်ရပ်အဖြစ် ပြည်သူများပါဝင်လာရေး မျှားခေါ်ပြီး၊ ယခင်ကပင် ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရက် ၁၀၀ လုပ်ဆောင်ချက်အဖြစ် အသုံးချနေခြင်းသည် လူထုများအတွက် ထိရောက်သည့် အပြောင်းအလဲမရှိနိုင်ဟု အထက်ပါ ဒေသခံက ပြောသည်။

ကော့ဘိန်းဒေသခံတစ်ဦးက “ မနေ့က အစိုးရအဖွဲ့တွေ ဘားအံကနေလာတယ်။ အခုက အစိုးရအသစ်၊ တာဝန်အသစ်အနေနဲ့ စည်းရုံးရေးတွေ လုပ်ဆောင်နေတယ်။ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး ရရှိရေး၊ ဖွံ့ဖြိုးရေးတို့ လုပ်ပေးမယ် ပြောတယ်။ တင်ပြခိုင်းတယ် ရပ်မိရပ်ဖတွေကို လိုအပ်တာတွေ လုပ်ဆောင်ပေးမယ်ပေါ့နော်။ TA/LT ဆရာမတွေကအစ လစာတိုး ပေးမယ် လက်ခံမရရှိရင် ဆက်သွယ်လို့ ရကြောင်းကအစပေါ့နော် ပြောတယ်” ဟုပြောသည်။
စစ်ခေါင်းဆောင်၏ ရက်ပေါင်း ၁၀၀ နှင့်ပတ်သတ်၍ ဦးစားပေးဆောင်ရွက်သွားမည့်ကိစ္စရပ်များ ပြောဆိုရာတွင် ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိဟု သတ်မှတ်ထားကြောင်း သိရသည်။
ယခုရက်ပိုင်းတွင် ပေါင်မြို့နယ်၌ ကျောင်းသား၊ သူများအပါအဝင် ဒေသခံပြည်သူများအတွက် စမတ်ကတ်ကွင်းဆင်း လုပ်ဆောင်ပေးနေပြီး စိုက်ချေးငွေထုတ်ချေးရန်အတွက် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံ ထောက်ခံစာလုပ်ဆောင်ပေးနေပြီးဖြစ်ကြောင်းလည်း မြို့ခံတစ်ဦးကပြောသည်။
“လဝကတစ်ခုပဲလုပ်သေးတယ် ကျောင်းသားတွေကို အဓိကထားပြီး ရွာတွေမှာလိုက်လုပ်ပေးတယ်။ ဝန်ထမ်းနဲ့တွေ့ဖို့ရှိတယ် အခု စိုက်ဘဏ်ချေးဖို့ အတွက် အုပ်ချုပ်ရေးမှူးမှာ ထောက်ခံစာ ယူနေကြတယ်၊ သူတို့ပြောတဲ့အတိုင်း တကယ်လုပ်ပေးနိုင်ရင် ကောင်းမယ်။ ၃၀ ရာခိုင်နှုန်းလောက်ရလောက်မှာပါ လုပ်ပေးရင် နည်းနည်းတော့ ချောင်ချိနိုင်တာပေါ့ ” ဟုပြောသည်။
သို့သော် လက်ရှိ တိုင်းနှင့်ပြည်နယ်အသီးသီးအလိုက် လျှပ်စစ်ဓာတ်အားများကို အချိန်တိုးမြှင့်ထုတ်လွှင့်ပေးမည်ဆိုသော်လည်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်းလည်း ဒေသခံများက ပြောသည်။
ရက်ပေါင်း ၁၀၀ တွင် ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်မည်ဟု ပြောဆိုထားသည့်အပေါ် မြေပြင်တွင် စစ်ကြောင်းထိုးခြင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းများကို ရပ်တန့်မှသာ ပြည်သူများ၏ ယုံကြည်မှုတည်ဆောက်နိုင်မည်ဖြစ်ပြီး မွန်လူငယ်တစ်ဦးကပြောသည်။
“မယုံရတာက သူတို့ပြောတဲ့ ငြိမ်းချမ်းရေးပေါ့ သူတို့သာ တကယ်ငြိမ်းချမ်းချင်ရင် လေယာဉ် နဲ့ပစ်တာ ရပ်သင့်တယ်၊ စစ်ကြောင်းထိုးတာတို့ လနဲ့ကြာ ရပ်ပြသင့်ရတယ်။ ဘယ်ဒေသကိုမဆို အဲ့လိုမျိုုးရုပ်လုံးပြ လက်တွေ့လုပ်ရတယ် ။ငြိမ်းချမ်းရေးလို့ပြောပြီး တစ်ဖက်က ကြဲချတာက ဘယ်လိုယုံလို့ရမလဲပေါ့နော်။ ” ဟု ပြောသည်။
စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်သည် ၎င်းစိတ်ကြိုက်ဖန်တီးထားသည့် ရွေးကောက်ပွဲနှင့်အတူ နိုင်ငံတော်သမ္မတဖြစ်လာပြီး ၎င်းအစိုးရသစ် ပထမ ၁၀၀ ရက်ကို စီမံကိန်းဟုဆိုကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို လုပ်ဆောင်နေခြင်းဖြစ်သည်။



