Friday, April 24, 2026
More
    spot_img
    Homeဆောင်းပါးခြံစည်းရိုအကာဖြစ်သွားသည့် လှည်းဘီးများနှင့် ပျောက်ကွယ်လုနီးပါး မွန်ရိုးရာ လှည်းအလှပြိုင်ပွဲ

    ခြံစည်းရိုအကာဖြစ်သွားသည့် လှည်းဘီးများနှင့် ပျောက်ကွယ်လုနီးပါး မွန်ရိုးရာ လှည်းအလှပြိုင်ပွဲ

    -

    ဆောင်းပါး၊ မာံသဟာဲ (မင်းစဟိုင်း)

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)၊ ကမာမိုကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ၌ ယခုနှစ်တွင် ပြိုင်ပွဲဝင်လှည်းအရေအတွက် သိသိသာသာလျော့နည်းသွားပြီး ပျောက်ကွယ်လုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

    ဧပြီလ ၂၂ ရက်၊ ကဆုန်လဆန်း ၇ ရက် ဗုဒ္ဓဟူးနေ့က ကမာမိုကျေးရွာ ဘုရားပွဲတွင် ထည့်သွင်းကျင်းပခဲ့သည့် (၅၁) ကြိမ်မြောက် လှည်းအလှပြိုင်ပွဲမှာ ပြိုင်ပွဲဝင်လှည်း ၃ စီးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဤပြိုင်ပွဲသည် ၁၉၇၅ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် နှစ် ၅၀ ပြည့် ရွှေရတုတိုင်ခဲ့ကာ ယမန်နှစ်က ပြိုင်ပွဲဝင်လှည်း ၇ စီးအထိ ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ၃ စီးသာ ကျန်ရှိတော့ခြင်းဖြစ်သည်။

    ဒေသတွင်း နေထိုင်မှုပုံစံပြောင်းလဲလာခြင်းနှင့် လှည်းနှင့်နွားများ ရှားပါးလာခြင်းကြောင့် ဤကဲ့သို့ ပြိုင်ပွဲဝင်နည်းပါးလာရခြင်းဖြစ်ကြောင်း ကမာမိုကျေးရွာအုပ်ချုပ်ရေးမှူး နိုင်ဖေဝင်းက ဆုပေးပွဲအခမ်းအနားတွင် ပြောသည်။ ၎င်းက ကျနော်တို့ ကမာမိုကျေးရွာမှာကိုက နွားရော လှည်းပါ သိပ်မရှိတော့ဘူး၊ တခြားရွာတွေက နွားတွေ လှည်းတွေ ငှားလာပြီးတော့မှ ကျနော်တို့ရဲ့ ရိုးရာယဉ်ကျေးမှု မပျောက်ပျက်ရလေအောင် အစဉ်အလာကိုလည်း ထိန်းသိမ်းသောအားဖြင့် ဒီလှည်းယဉ်ကျေးမှုပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ဆိုသည်။

    ယခုနှစ်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လှည်းများရရှိရန် ကမာမိုရွာသားများက ကလွီနှင့် ဒေါင်းဥကျေးရွာများမှ သွားရောက်ငှားရမ်းခဲ့ရကြောင်း သိရသည်။ ပြိုင်ပွဲရလဒ်များအနေဖြင့် လှည်းနံပါတ် (၂) က ပထမဆု (၁,၃၃၀,၀၀၀ ကျပ်)၊ လှည်းနံပါတ် (၁) က ဒုတိယဆု (၁,၁၃၀,၀၀၀ ကျပ်) နှင့် လှည်းနံပါတ် (၃) က တတိယဆု (၉၃၄,၀၀၀ ကျပ်) အသီးသီး ရရှိခဲ့ကြသည်။ ထို့ပြင် တော်ကနာကျေးရွာမှ သီးသန့်လာရောက်သည့် လှည်းတစ်စီးကိုလည်း အထူးဆု ၁ သိန်းကျပ် ချီးမြှင့်ခဲ့သည်။

    ပြိုင်ပွဲဝင်လှည်းများသည် သတ်မှတ်ထားသည့် စုရပ်မှတစ်ဆင့် ကမာမိုကျေးရွာတောင်ပိုင်းရှိ ဝင်းလဲ့ ဆုတောင်းပြည့်စေတီတော်သို့ သွားရောက်ဘုရားဖူးပြီးနောက်၊ ကျေးရွာအလယ်ပိုင်းရှိ ဘုရားပွဲကျင်းပရာကွင်းအတွင်းသို့ မောင်းနှင်ဝင်ရောက်ခဲ့ကြရသည်။ ထိုသို့မောင်းနှင်ရာတွင် လမ်းတစ်လျှောက်ရှိ အမှတ်ပေးအဖွဲ့များက အသေးစိတ်အကဲဖြတ် အမှတ်ပေးခဲ့ကြကြောင်း သိရသည်။

    ဘီလူးကျွန်း (၆၄) ရွာ ဘုရားပွဲဟု လူသိများသည့် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာဘုရားပွဲများကို မဟာသင်္ကြန်အကြိုနေ့မှ မြန်မာနှစ်ဆန်း ၁၀ ရက်အထိ ကျင်းပလေ့ရှိရာ ကမာမိုကျေးရွာ၏ နွားလှည်းအလှပြိုင်ပွဲမှာ အထင်ရှားဆုံးနှင့် အစဉ်အလာအကြီးမားဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည်။ ယခုနှစ်ဆုပေးပွဲတွင် ဝါရင့်လူကြီးပိုင်းများက လူငယ်အဖွဲ့အစည်းများကို တာဝန်များ လက်ဆင့်ကမ်းလွှဲအပ်ခဲ့ပြီး လူငယ်များကလည်း ဤအစဉ်အလာကို မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းသွားမည်ဟု ဆုပေးပွဲတွင် ကတိပြုခဲ့ကြသည်။

    သမိုင်းကြောင်းနောက်ခံနှင့် သုံးသပ်ချက်

    မွန်လူမျိုးတို့သည် ရှေးပဝေသဏီကပင် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်လာခဲ့ကြပြီး ကျွဲ၊ နွားများကို ယဉ်ပါးအောင် ထိန်းကျောင်းသင်ကြားရင်း လယ်ယာလုပ်ငန်းခွင်၌ အတူရုန်းကန်ကာ မိတ်ဆွေသဖွယ်၊ ကျေးဇူးရှင်သဖွယ် အမြတ်တနိုး တန်ဖိုးထား ဂရုတစိုက် မွေးမြူခဲ့ကြသည်။ ဘီလူးကျွန်းဒေသ ရိုးရာဓလေ့အရ ဘုရားပွဲတော်များ ကျင်းပချိန်တွင် နွားလှည်းများကို စီးတော်ယာဉ်အဖြစ် အသုံးပြုကာ သွားလာကြသည့် ဓလေ့မှာ ထင်ရှားသည်။

    ယခင်ခေတ်အချိန်ခါက ဘုရားပွဲတော်ကျင်းပသည့် ရွာတိုင်းနီးပါးတွင် ညနေနေညိုချိန်၌ ဘုရားဖူးသွားကြသည့် နွားလှည်းတန်းကြီးများဖြင့် စည်ကားခဲ့ပြီး နွားလှည်းအလှပြိုင်ပွဲများကို ဆုတော်ငွေများ ပေးအပ်ကာ ကျင်းပခဲ့ကြသည်။ သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များနောက်ပိုင်းမှစတင်ကာ စက်မှုတော်လှန်ရေး၏ အသီးအပွင့်အဖြစ် စက်ကိရိယာများဖြင့် ထွန်ယက်စိုက်ပျိုးလာကြရာမှ နွားလှည်းများသည် တဖြည်းဖြည်း တိမ်ကောလာခဲ့သည်။

    ယနေ့ခေတ်တွင်မူ နွားလှည်းများသည် ခြံစည်းရိုအကာအဖြစ်သော်လည်းကောင်း၊ စေတီအချို့၏ စောင်းတန်းများတွင် အလှဆင်ပစ္စည်းအဖြစ်သော်လည်းကောင်း ရောက်ရှိသွားခဲ့ရသည်။ ယခင်က ကျေးရွာအများစု၌ ကျင်းပခဲ့သည့် နွားလှည်းအလှပြိုင်ပွဲသည်လည်း ပျောက်ကွယ်လာခဲ့ရာ ယခုအခါ ဘီလူးကျွန်းမြောက်ပိုင်းရှိ ကမာမိုရွာတစ်ရွာတည်းတွင်သာ ခဲရာခဲဆစ် အကုန်အကျခံကာ ရိုးရာမပျက် ထိန်းသိမ်းကျင်းပပေးနေရခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,600SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks