စစ်အရာရှိကြီးများ အရပ်ဝတ်ပြောင်း၍ ဖွဲ့စည်းထားသည့် စစ်အစိုးရအဖွဲ့က အာဆီယံအဖွဲ့တွင် ရာနှုန်းပြည့် ပြန်လည်ပါဝင်နိုင်ရန် ဆက်တိုက်ကြိုးပမ်းနေသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ဦးဆောင်ပြီး ဧပြီ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကာလုံအစည်းအဝေး၌ အာဆီယံအနေဖြင့် လူမှုကွန်ရက်တွင်ဖော်ပြသည့် မှားယွင်းသော သတင်းအချက်အလက်များကို အခြေခံပြီး ဖိအားပေးလုပ်ဆောင်ခြင်းများရှိနေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီး အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းမည်ဟုလည်း ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက်ဖူဝန်ကေ့ကဲ့ဝို့၏ နေပြည်တော်ခရီးစဉ်တွင် မြန်မာကို အာဆီယံသို့ ပြန်လည်ဝင်ရောက်လာစေရန် ထိုင်းနိုင်ငံက ဆန္ဒရှိသည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
သို့သော်လည်း အာဆီယံ ဘုံသဘောတူညီ ချက် ၅ ရပ်ကဲ့သို့သော အာဆီယံ၏ စိုးရိမ်မှုများကို လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်ချက် များ ရှိရမည်ဟုလည်းဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၏ နိုင်ငံတကာဆက်ဆံရေးကော်မတီအဖွဲ့ဝင်တစ်ဦးက “လက်ရှိအာဆီယံက စစ်ကောင်စီကို အသိအမှတ်မပြုဘူး။ ဒါကို ကျွန်တော်တို့ ကြိုဆိုတယ်။ အသိအမှတ်မပြုလို့လည်း အာဆီယံအနေနဲ့ သဝဏ်လွှာပို့တာမျိုးတောင် မရှိဘူးပေါ့နော်။ အာဆီယံအနေနဲ့ မင်းအောင်လှိုင်ကို တစ်ရစ်ချင်း လူရာသွင်းတယ်ပဲထားအုံး ဒီအကြမ်းဖက်မှုတွေကို မရပ်ဘဲ လိုက်နာသင့်၊ လိုက်နာထိုက်တဲ့ အချက်တွေကို မလိုက်နာဘဲ သူတို့အနေနဲ့ လူသတ်သမားကို လက်ဆွဲပြီး အာဆီယံဇာတ်ခုံပေါ်ကို ရောက်အောင် လုပ်စရာအကြောင်းမရှိဘူးလို့ပဲ မြင်ပါတယ်။”ဟု ဆိုသည်။
မြန်မာ့အရေးကြောင့် စစ်အာဏာသိမ်းခေါင်းဆောင်များကို အာဆီယံ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်ကို ၂၀၂၁ ခုနှစ်မှ စတင်ပိတ်ပင်ခဲ့ပြီး ယနေ့အချိန်ထိ အာဆီယံက ၎င်းတို့စစ်အစိုးရအဖွဲ့အား တရားဝင်မှုပင် မပေးသေးပေ။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကဲ့သို့သော အာဆီယံနှင့် သဘောတူညီထားသည့်အချက်များကိုပင် စစ်အုပ်စုက မျက်ကွယ်ပြုထားပြီး လက်ရှိအချိန်ထိ အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နေသည်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်မှာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရမည်ဖြစ်သလို အကျပ်အတည်းအားလုံးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် သက်ဆိုင်သူအားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးမှု စတင်ရန်၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးသံတမန်သည် အာဆီယံအတွင်းရေးမှူးချုပ်နှင့် ပူးပေါင်း၍ တွေ့ဆုံဆွေးနွေးမှုများအတွင်း ကြားဝင်ဖျန်ဖြေပေးရေး၊ AHA Centre (လူသားချင်း စာနာမှုအကူအညီပေးရေး ဗဟိုဌာန) မှ တဆင့် လူသား ချင်းစာနာမှုအကူအညီများ ပေးအပ်နိုင်ရေး၊ အထူးသံတမန်နှင့်အဖွဲ့ မြန်မာနိုင်ငံသို့လာရောက်၍ သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံရေးတို့ ဖြစ်သည်။
“လူထောင်ပေါင်းများစွာ သတ်၊ ဒုက္ခသည် သန်းပေါင်းများစွာကို ဖန်တီးထားတဲ့ စစ်တပ်က အာဆီယံမှာ တရားဝင်မှုရချင်တာကို အာဆီယံအနေနဲ့ ဒါကို သတိကြီးကြီးထားပြီးတော့ စစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရာမှာ သတိထားသင့်တယ်၊ အတိတ်က သင်ခန်းစာတွေကို ယူသင့်တယ်လို့ပဲ ကျွန်မမြင်ပါတယ်။အာဆီယံကို ၅ နှစ်လုံးလုံး သူပဲ သဘောတူခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက်ကို ဗြောင်ကျကျချိုးဖောက်ပြီး အာဆီယံကိုရော နိုင်ငံတကာကိုရော လှည့်စားဖို့ကြိုးစားနေတာဖြစ်ပါတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
အာဆီယံ ဘုံသဘောတူညီချက်များဆိုသော်လည်း မတ်လ ၂၀ ရက်နေ့ကပင် ထိုင်း-မြန်မာနယ်စပ် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ရှိ စစ်ဘေးရှောင်များအတွက် ဖွင့်လှစ်ထားသော် ဆေးရုံကို စစ်တပ်ကဗုံးကြဲခဲ့သည်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်ပေးသော်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့တိုင်မလွှတ်သေးဘဲ နိုင်ငံရေးအကျဉ်းသားများ သောင်းနှင့်ချီ အကျဉ်းကျနေဆဲဖြစ်သည်။
စစ်အာဏာသိမ်းပြီး ပေါ်ပေါက်လာသည့်အစိုးရမှာ နိုင်ငံတကာတွင် တရားဝင်မှု မရရှိဘဲ တရုတ်၊ ရုရှားနှင့် ဘီလားရုစ်ကဲ့သို့ အာဏာရှင်နိုင်ငံများက ဂုဏ်ပြုကြပြီး အိမ်နီးချင်း အိန္ဒိယနှင့် ထိုင်းနိုင်ငံကလည်း ထိတွေ့ဆက်ဆံမှုများ ပြုလုပ်နေသည်။



