မွန်ပြည်နယ်အတွင်း စက်သုံးဆီဝယ်ယူခွင့်နှင့်ပတ်သတ်၍ ယာဉ်အုပ်စုနှင့် စက်စွမ်းအင်အလိုက် တစ်ပတ်အတွင်း ဝယ်ယူခွင့်ရရှိမည့်စက်သုံးဆီပမာဏအား ယနေ့ဧပြီ ၂၂ ရက်နေ့တွင် သတ်မှတ်ထုတ်ပြန်ထားပြီး မော်တော်ဆိုင်ကယ်များ တစ်ပတ်လျှင် ၈ လီတာ ဝယ်ယူခွင့်ရှိကြောင်း သိရသည်။
ထုတ်ပြန်ထားသည့် တစ်ပတ်အတွင်း စက်သုံဆီဝယ်ယူခွင့်ပမာဏအရ ဆိုင်ကယ်တစ်စီး ၈ လီတာ၊ သုံးဘီးယာဉ်တစ်စ်ီး ၂၅ လီတာ၊ ထရော်လာဂျီယာဉ် ၃၀ လီတာ၊ အိမ်စီးမော်တော်ယာဉ်၊ ပုဂ္ဂလိက မော်တော်ယာဉ်၊ Taxi နှင့် ကုန်တင်ယာဉ်များကို စက်စွမ်းအင်အလိုက် သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါသတ်မှတ်ထားသည့် ဝယ်ယူခွင့်အတိုင်း ဆီဆိုင်များတွင် ယနေ့မှစ၍ Q R Code ဖြင့် ရောင်းချနေကြောင်းလည်း သိရသည်။
သင်္ကြန်ကာလမတိုင်မီအထိ ယာဉ်အသုံးပြုသူများ စက်သုံးဆီပြတ်လပ်မှုနှင့် တန်းစီဝယ်ယူမှု အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း လက်ရှိ စက်သုံးဆီဝယ်ယူရရှိမှုအခြေအနေ ပိုမိုလွယ်ကူလာသည်ဟု ရေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဆီဝယ်ရတာ အရင်ကလောက် မခက်တော့ဘူး။ အရင်ကလိုလည်း တန်းစီစရာမလိုတော့ဘူး။ တန်းစီတဲ့ သူတွေမရှိတော့ လိုချင်သလောက်ရတယ်၊ ဒါမဲ့ ဈေးတော့အများကြီးပေးရတယ်၊ တစ်လီတာဆို ၁၂၀၀၀၊ ၁၅၀၀၀ အဲ့လောက်ရှိတယ်”ဟု ၎င်းက ဆိုသည်။
စက်သုံးဆီဝယ်ယူရရှိမှု အခြေအနေသည် ယခင်ကထက် ပိုမိုလွယ်ကူလာသော်လည်း ဆီဈေးနှုန်းများ အဆမတန်ဆက်လက်မြင့်တက် နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် ၉၂ တစ်လီတာ ၅၃၀၀ ကျပ်၊ ၉၅ တစ်လီတာကို ၅၅၀၀ ကျပ်၊ ဒီဇယ် တစ်လီတာကို ၈၀၀၀ ကျပ်ကျော် ပေါက်ဈေးအဖြစ်သတ်မှတ်ထားသော်လည်း ဆီဆိုင်အချို့ မှောင်ခိုဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းများလည်း ရှိသည်။
သတ်မှတ်ထားသည့်ဈေးနှုန်းနှင့် အမှန်တကယ်ရောင်းချနေသည့် ဈေးနှုန်းများ ကွာခြားမှုရှိနေသည့်အပြင် ဆိုင်အတွင်းနှင့် အပြင်ဈေးကွက်များ၌ ငွေကျပ်သောင်းဂဏန်းအထိ ကွာခြားမှုရှိနေကြောင်း သံဖြူဇရပ်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“အချို့ဆိုင်တွေက တန်းစီရင် ပေါက်ဈေးအတိုင်း ပေးတယ်။ တန်းစီမနိုင်ရင် အပြင်ဈေးနဲ့ ရောင်းပေးတယ်။ ဆီဆိုင်တွေကတော့ ဆိုင်အပြင်မှာ ဘယ်လိုဈေးပဲပြပြ၊ သူတို့ကြိုက်တဲ့ဈေးနဲ့ပဲ ခေါ်ရောင်းနေကြတာလေ၊ မနက်ဈေးနဲ့ နေ့လည်ဈေးလည်း မတူဘူး”ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့က စစ်ကော်မရှင်လွှတ်တော်မှ အသစ်ခန့်အပ်ထားသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အဖွဲ့များက မုဒုံမြို့နယ် ကတုံးပေါ်ရွာရှိ Puma Power International Port Terminal (PPIPT) သို့ သွားရောက်ကြည့်ရှု့စစ်စဉ် QR Code ဖြင့် ရောင်းချရန် ပြောဆိုခဲ့သည်။
စစ်ကော်မရှင်လက်အောက်ခံ မွန်ပြည်နယ်၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီက စက်သုံးဆီများကို သတ်မှတ်ထားသည့်ဈေးနှုန်းအတိုင်း ရောင်းချပေးရန်နှင့် တရားဝင်ရောင်းချပေးရန် အရောင်းဆိုင်များကို မကြာခဏညွှန်ကြားသည့်အပြင် ဖမ်းဆီးမှုများလည်း လုပ်ဆောင်နေသည်။
သို့သော် မြေပြင် စက်သုံးဆီမှောင်ခိုဈေးကွက်များ ပျောက်ဆုံးသွားခြင်းမရှိဘဲ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့အချို့ပါ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်လာနေသည်ဟု သိရသည်။



