မွန်ပြည်နယ် ဒူးရင်းပေါ်စရာသီတွင် ဈေးကောင်းရသော်လည်း အသီးနည်းပါးခြင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်မြင့်တက်နေသဖြင့် အကျိုးအမြတ်ရရှိမှုနည်းပါးကြောင်း ရေးမြို့မှ အသီးအနှံအဝယ်ဒိုင်များက ပြောသည်။
ပထမအကြိမ် ဒူးရင်းသီးစတင်မှည့်သည့် ဧပြီလနှင့် မေလတွင် ဈေးကွက်၌ ဒေသထွက် အပင်ကြွေအရိုင်းဒူးရင်းသီးများ အရွယ်အစားအလိုက် ၄၀၀၀၀ ကျပ်မှ ၂၀၀၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး ကိုင်းဆက်သီး တစ်ကီလို ၂၄၀၀၀ ကျပ် ဈေးရှိနေကြောင်း သိရသည်။
သို့သော် ရေးမှ မော်လမြိုင်မြို့သို့ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်နေသဖြင့် အကျိုးအမြတ်ရရှိမှု နည်းပါးသွားကြောင်းလည်း ရေးမှဒူးရင်းအဝယ်ဒိုင် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဈေးကောင်းရနေပေမဲ့လည်း ပို့ခက ဈေးကြီးတယ်။ ရေးကနေမော်လမြိုင် ဒူးရင်းသီး အလုံသုံးရာကျော် တစ်ခါပို့ရင် ကားခသက်သက်က လေးသိန်း၊ ငါးသိန်းကျော်တယ်။ ဆီကရှာဝယ်ရခက်တာကိုး။” ဟု ရေးမြို့နယ်မှ ဒူးရင်းသီခြံပိုင်ရှင်တစ်ဦးက ဆိုသည်။
၎င်းအပြင် အပူချိန်လွန်ကဲမှုနှင့် စိုက်ပျိုးသူများ စက်သုံးဆီအခက်အခဲကြောင့် အပင်များကို ပုံမှန်ရေပေးနိုင်ခြင်းမရှိသဖြင့် ဒူးရင်းသီးအနုများ ကြွေကျပျက်စီးသွားကြောင်း၊ ယခုစ်တွင် ဒူးရင်းအထွက်နှုန်း နည်းပါးနိုင်ကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။
လက်ရှိ ဒူးရင်းပေါ်စရာသီတွင် မွန်ဈေးကွက်အတွင်း ရောက်ရှိလာသည့် မွန်ဒူးရင်းသီးနှင့် ကရင်ဒူရင်းသီးများ လူကြိုက်အများဆုံးနှင့် ရောင်းအားအကောင်းဆုံး ဖြစ်နေပြီး ဈေးကွက်လိုအပ်ချက်များလည်း ရှိနေသည်။
ရေးမှဒူးရင်းတောင်သူတစ်ဦးက “အရောင်းအဝယ်ကတော့ကောင်းတယ်။ ကျနော်တို့ ပို့လိုက်တဲ့အလုံးရေအားလုံးကို ဒိုင်းဘက်က လက်ခံပေးနိုင်တဲ့အနေထားမှာရှိတယ်။ ဝယ်စားကြတဲ့သူတွေကလည်း များတယ်။ မွန်မှာတော့ ကိုင်းဆက်အလုံးထက် ဒူးရင်းအရိုင်းသီးကို ဝယ်စားကြတာများတယ်။” ဟု ဆိုသည်။
မွန်ပြည်နယ်တွင် ဒူးရင်းကို ယိုးဒယားကိုင်းကူးမျိုးနှင့် ရိုးရိုးအစေ့ချမျိုးဟူ၍ ခွဲခြားစိုက်ပျိုးပြီး ဒေသတွင်းဈေးကွက်အပြင် ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်မြို့ကြီးများသို့ တင်ပို့ရောင်းချလျှက်ရှိသည်။
ဒူးရင်းရာသီသည် ဇွန်လမှ သြဂုတ်လအထိ အထွက်များလေ့ရှိပြီး ယမန်နှစ်က မိုးအစောပိုင်းရွာသွန်းမှုကြောင့် ဒူးရင်းအထွက်နှုန်း ပုံမှန်အတိုင်ရှိခဲ့သည်ဟုလည်း ဒူးရင်းတောင်သူများက ပြောသည်။
ပုံ-Lone Lone (FB)



