Thursday, April 23, 2026
More
    spot_img
    Homeသတင်းကျောင်းရွာအခြေစိုက် ခမရ-၅၈၃ တပ်ရင်းကို ရေးဘီလူးအဖွဲ့ ဝင်ရောက်တိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွား

    ကျောင်းရွာအခြေစိုက် ခမရ-၅၈၃ တပ်ရင်းကို ရေးဘီလူးအဖွဲ့ ဝင်ရောက်တိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွား

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ-၅၈၃ တပ်ရင်းကို ရေးဘီလူးအဖွဲ့မှ ဧပြီ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်နှင့် ဒေသခံများထံမှ သိရသည်။

    ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် ရေးမြို့နယ်ရှိ  (စကခ-၁၉) လက်အောက်ခံဖြစ်သည့် ကျောင်းရွာအခြေစိုက် ခမရ-၅၈၃ တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နာရီဝက်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

    တိုက်ခိုက်မှု‌ကြောင့် အပြင်ဂိတ်ကင်းဘန်ကာတွင် နေရာယူထားသည့်စစ်ကော်မရှင်တပ်သားနှစ်ဦး အထိအခိုက်ရှိနိုင်သော်လည်း အတိအကျ အတည်မပြုနိုင်သေကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေသားထားသည်။

    ပုံ-ရေးဘီလူး

    “ ခမရ ၅၈၃ တပ်ရင်းကို မစ်ရှင်သဘောပဲ တိုက်ခိုက်တာပါ” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က IMNA သို့ ပြောသည်။

    အဆိုပါ တပ်ရင်းကို ရေးဘီလူးအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ပြီးနောက် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    ရေးဘီလူးအဖွဲ့ ပြန်လည်ဆုတ်ခွာလာစဉ် စစ်ကော်မရှင်စစ်တပ်ဖွဲ့မှ လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သေးသည်။

    ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ ဒေသခံများ ဘေးလွတ်ရာသို့ ခေတ္တတိမ်းရှောင်ခဲ့ရသည့်အပြင် စစ်ကော်မရှင်ဘက်မှ နာရီဝက်ကျော်ကြာ လမ်းပိုင်းပိတ်ဆို့မှု လုပ်ဆောင်ခဲ့သေးသည်။

    ရေးဒေသခံတစ်ဦးက “ရေးဘီလူးအဖွဲ့ဘက် ပစ်ပြီးတဲ့အချိန်မှာ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်ခဲ့သေးတယ် ကိုယ်တွေလဲ ခနရှောင်လိုက်ရတာပေါ့ မဟုတ်ရင်ကြားမှာ ညှပ်နေမှာ ပြီးတော့ လမ်းလဲ နာရီဝက်ကျော်ကျော် ပိတ်လိုက်သေးတယ် ပြီးမှ သူတို့ပြန်ဖွင့်ပေးလိုက်တာ” ဟု ဆိုသည်။

    ခမရ-၅၈၃ တိုက်ခိုက်ခံရပြီးနောက် စစ်အင်အားများ ပြန်လည်ဖြည့်တင်းထားပြီး လုံခြုံရေးလည်း တင်းကြပ်ကာ ကင်းချထားကြောင်း သိရသည်။

    စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) ၏ လက်အောက်ခံတပ်ဖြစ်သည့် ကျောင်းရွာအ‌ခြေစိုက် ခမရ ၅၈၃ တပ်ရင်းနှင့် ခမရ ၅၉၁ တပ်ရင်းတို့ကို  ရေးဘီလူးအဖွဲ့မှ ဒရုန်းမစ်ရှင်အဖြစ် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ၃ လတာအတွင်း ၃ ကြိမ်ထက်မနည်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။

    ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကလည်း ရေးမြို့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စခက-၁၉) တပ်တွင်းရှိ လက်နက်တိုက်မှ မီးလောင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နာရီနှင့်ချီ ပေါက်ကွဲမှုကြောင့် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ကျည်အများအပြား မီးလောင်ပျက်စီးသွားခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,600SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks