မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ အကောင်းကြိုက်ဆိုင်အနီး ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် ဧပြီလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအတွင်း သံဃာတော် ၈ ပါးအပါအဝင် သေဆုံးသူ ၁၃ ဦးအထိ ရှိသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်နှင့် တဘက်ယာဉ်ကနေ မောၚ်းနှၚ်လာသည့် ဘုရားဖူး Hiject ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့သည်။
ယာဉ်တိုက်မှုကြောင့် Hiject ယာဉ်ပေါ် လိုက်ပါစီးနင်းလာသူများအနက် သံဃာတော် ၈ ပါး၊ ကိုရင် ၁ ပါး၊ အမျိုးသား ၄ ဦး စုစုပေါင်း ၁၃ ဦး သေဆုံးသွားသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတို့က ပြောသည်။

“သထုံ ယာဉ်တိုက်မှုဖြစ်စဉ်မှာ သံဃာတော် ၈ ပါး၊ ကိုရင် ၁ ပါးနဲ့ လူ ၄ ဦး သေဆုံးသွားပါတယ်။ ဒဏ်ရာရသူတွေလည်း ဆေးရုံမှာ ဆက်လက်ဆေးကုသမှု ခံယူနေရပါတယ်။” ဟု လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘုရားဖူး Hiject ယာဉ်ပေါ်တွင် သံဃာတော် ၁၃ ပါး၊ ကိုရင် ၁ ပါးနှင့် အမျိုးသား ၆ လိုက်ပါစီးနင်းလာသည်ဟု သိရသည်။
ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို သထုံပြည်သူ့ဆေးရုံကြီးတွင် ဆက်လက်ဆေးကုသမှုခံယူနေရပြီး ဒဏ်ရာပြင်းထန်သူအချို့ကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်ဟုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။
ယာဉ်တိုက်မှုကြောင့် ပျံလွန်တော်မူသွားသော သံဃာတော် ၈ ပါး၊ ကိုရင် ၁ ပါးနဲ့ လူ ၄ ဦးတို့ကို ယနေ့ ဧပြီလ ၂၀ ရက်နေ့တွင် သထုံမြို့နယ် ပေါ်တော်မူကျေးရွာ ရွှေဟင်္သာကျောင်းတိုက်မှ ကျောက်တန်းသုဿာန်သို့ ပို့ဆောင် မီးသင်္ဂြိုလ်သည် သိရသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူများသည် မော်လမြိုင်မြို့ကဖြစ်ကြပြီး သင်္ကြန်ကာလမတိုင်ခင်ကတည်းက သထုံမြို့နယ် ပေါ်တော်မူကျေးရွာဘုန်းကြီးကျောင်းတွင် ဒုလ္လဘဝတ်နေကြသူများဖြစ်ပြီး ကျိုက်ထီးရိုးဘုရားဖူးသွားပြီး အပြန်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ခရီးသည်တင် မှန်လုံယာဉ်ပေါ် လိုက်ပါစီးနင်းလာသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။



