ထိုင်းနိုင်ငံ ဆုန်ခရန် (Songkran) ပွဲတော်ကာလ ပထမ ၃ ရက်တာအတွင်း ယာဥ်မတော်တဆမှုများကြောင့် သေဆုံးသူ ၉၀ ကျော်ရှိခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

ဧပြီလ ၁၀ ရက်မှ ၁၂ ရက်နေ့ သန်းခေါင်ယံအချိန်ထိ ဆိုင်ကယ်၊ ကား ယာဥ်တိုက်မှုပေါင်း ၅၁၅ ကြိမ်ဖြစ်ပွားခဲ့ရာတွင် လူ ၉၅ ဦး သေဆုံးပြီး ၄၈၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဥ်မတော်တဆမှုများအနက် မြန်နှုန်းမြင့်မောင်းနှင်မှုကြောင့် ၄၆ ရာခိုင်နှုန်းနှင့် အရက်သေစာသောက်စားပြီး မောင်းနှင်မှုက ၂၄.၅ ရာခိုင်နှုန်းဖြစ်သည်ဟု ဆိုသည်။
တစ်ဖက်တွင်လည်း ရိုက်တာသတင်း၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံ ဆုန်ခရန် (Songkran) ပွဲတော်ကာလ၌ ပြည်သူအများအပြား ပျော်ရွှင်စွာ ရေပက်ကစားနေကြပြီး လက်ရှိကြုံတွေ့လျက်ရှိနေသည့် စက်သုံးဆီအကျပ်အတည်းမှ ခဏတာလွတ်မြောက်စေသည်ဟု ရေးသားထားသည်။



