Friday, April 17, 2026
More
    spot_img
    Homeသတင်းဘီးလင်းမြို့နယ်ရှိ လေးကေတပ်စခန်းကို သိမ်းပိုက်ရရှိဟု KNU ထုတ်ပြန်

    ဘီးလင်းမြို့နယ်ရှိ လေးကေတပ်စခန်းကို သိမ်းပိုက်ရရှိဟု KNU ထုတ်ပြန်

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ လေးကေတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးအင်အားစုများမှ ဧပြီလ ၁၂ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ထုတ်ပြန်လိုက်သည်။

    လေးကေတပ်စခန်းသည် အာဏာသိမ်းအကြမ်းဖက်စစ်တပ် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်လက်အောက်ရှိ ခမရ (၂) အခြေချတပ်စခန်းဖြစ်ပြီး ပြည်သူ့အာဏာကို မတရားသိမ်းပိုက်ခဲ့သော စစ်ရာဇဝတ်သားမင်းအောင်လှိုင် တပ်ရင်းမှုးဘဝ ဦးဆောင်ခဲ့သည့် တပ်စခန်းလည်းဖြစ်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဘီးလင်းမြို့နယ် လေးကေတပ်စခန်းကို ဧပြီလ (၇) ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ (၆) ရက်မြောက် (၁၂) ရက်နေ့ မနက်ပိုင်းအချိန်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကာ ဒုတပ်ရင်းမှူး နှင့် တပ်သား(၁) ဦးတို့ကို ဖမ်းဆီးရရှိခဲ့သည့်အပြင် လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။

    စခန်းသိမ်းတိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်မှုများရှိခဲ့ပြီး မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူလူထုအိုးအိမ်နှင့် ပစ္စည်းဥစ္စာများ ထိခိုက်မှုအများအပြားရှိခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

    လေးကေစခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ FFDF ဒရုန်းတပ်ဖွဲ့၊ Rangoon Warriors ဒရုန်းတပ်ဖွဲ့၊ KRF ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု သိရသည်။

    ဓာတ်ပုံ- လေးကေတပ်စခန်းသိမ်းပိုက်ရရှိ၍ ဒဏ်ရာရရှိသည့် မြန်မာစစ်တပ် တပ်သားတစ်ဦးအား ကယ်ဆယ်နေမှုနှင့် စခန်းပုံရိပ်များ (KNU)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks