Homeသတင်းထိုင်းရဲတပ်ကြပ်ကို ပစ်ခတ်ပြီး ထွက်ပြေးခဲ့သူ မြန်မာပြည်သားတစ်ဦးကို KNLA ဖမ်းဆီးကာ ထိုင်းအာဏာပိုင်များထံ လွှဲပြောင်း

ထိုင်းရဲတပ်ကြပ်ကို ပစ်ခတ်ပြီး ထွက်ပြေးခဲ့သူ မြန်မာပြည်သားတစ်ဦးကို KNLA ဖမ်းဆီးကာ ထိုင်းအာဏာပိုင်များထံ လွှဲပြောင်း

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီလ ၂၂၊၂၀၂၅။

ထိုင်းနိုင်ငံအတွင်း ထိုင်းရဲတပ်ကြပ်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် မြန်မာပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မြန်မာပြည်သားတစ်ဦးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဖမ်းဆီးထိန်းသိမ်းကာ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ထိုင်းနိုင်ငံ တာခ်ခရိုင် မဲဆောက်–အုန်းဖန် (Mae Sot–Um Phang) လမ်း မဲကု (Mae Ku) တိုက်နယ်အတွင်း ဖြစ်ပွားခဲ့ပြီး ထိုင်းရဲတပ်ကြပ်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူသည် မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည်။

ထိုင်းအာဏာပိုင်များက ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးနိုင်ရေးအတွက် ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံးထံသို့ အကြောင်းကြားကာ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထားပြီး KNLA က လိုက်လံဖမ်းဆီးရန် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းဆောင်ရွက်မှုအရ KNLA တပ်ရင်း (၂၈) တပ်ရင်းမှူး ဗိုလ်ဒါဘော ဦးဆောင်သည့် အဖွဲ့က ပြစ်မှုကျူးလွန်သူ နဂါးကြီး (ခ) နိုင်လင်းအောင်ကို ဇန်နဝါရီလ ၂၁ ရက်နေ့ ညပိုင်းတွင် ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြဝတီမြို့နယ် ဖလူးဒေသအတွင်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

ဖမ်းဆီးထားသော ပြစ်မှုကျူးလွန်သူအား ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၁၀ နာရီအချိန်တွင် မဲဆောက်မြို့နယ် မဟာဝမ်ကျေးရွာအုပ်စုအတွင်းရှိ မဲကိုကင်းကျေးရွာတွင် ထိုင်းအာဏာပိုင်များထံသို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။

အဆိုပါ လွှဲပြောင်းပေးအပ်မှုကို နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ထိုင်းအာဏာပိုင်များနှင့် ကေအဲန်ယူအကြား ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts