Homeသတင်းလူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အလှူငွေလိမ်လည်တောင်းခံခြင်း ပိုမိုများလာနေပြီး သတိပြုရန်လိုအပ်

လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အလှူငွေလိမ်လည်တောင်းခံခြင်း ပိုမိုများလာနေပြီး သတိပြုရန်လိုအပ်

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီလ-၂၁၊ ၂၀၂၆။

လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့် သဘာဝဘေးကူညီကယ်ဆယ်နေသည့် အဖွဲ့များ၏ လှုပ်ရှားမှုဓါတ်ပုံများဖြင့် အကောင့်အတုများပြုလုပ်၍ အလှူငွေလိမ်လည်တောင်းခံခြင်း ပိုမိုကြီးထွားလာနေသဖြင့် အလှူရှင် မိဘပြည်သူများ သတိပြုရန်လိုအပ်ကြောင်း ပရဟိတအရေး ဆောင်ရွက်နေသူများက IMNA မှ တစ်ဆင့်သတိပေးတိုက်တွန်းသည်။

အလှုုငွေလိမ်လည်တောင်းခံသည့် အကောင့်အများစုသည် မူရင်းအကောင့်နှင့် ပိုစ်များကဲ့သို့ ငွေလွှဲရမည့်ဖုန်းနံပါတ်၊ နေရပ်လိပ်စာနှင့် အသင်းအဖွဲ့လှုပ်ရှားမှုပုံရိပ်များကို အသုံးပြု၍  ပြုလုပ်ထားသဖြင့် အတုအစစ်ခွဲခြားရန်ခက်ခဲလာနေသည်။

အတုအစစ်ခွဲခြားရန် ခက်ခဲလာသဖြင့် အွန်လိုင်းမှအလှူငွေများ ပေးပို့လှူဒါန်းမည်ဆိုပါက အလှူရှင်ပြည်သူများအနေဖြင့် ပို့စ်ရှိ အကောင့်ပိုင်ရှင်နှင့် အတိအကျအဆက်သွယ်ယူပြီးမှ ငွေလွှဲကြရန် မော်လမြိုင်ပရဟိတ အသင်းခေါင်းဆောင်တစ်ဦးက တိုက်တွန်းထားသည်။  

“Mobile Banking တွေ ခေတ်စားလာတဲ့အချိန်မှာ လှူတဲ့အလှူရှင်တွေက K pay စနစ်နဲ့လှုဒါန်းလာတာတွေ့ရတယ်။ ဆိုတော့လိမ်တဲ့သူတွေကလည်း အကွက်ကျကျ လိမ်လို့ရလာတယ်။ အဲ့တော့ အတုနဲ့အစစ်ကိုဘယ်လိုခွဲမလဲဆိုရင် အဓိက follower တွေကိုပဲကြည့်ပါ။ နောက်တစ်ခုက ဒီရိပ်သာဟုတ်မဟုတ်ကို ဖုန်းဆက်ပြီးတော့ သေသေချာချာမေးမြန်းစိစစ်ပါ။ လှုုတော့မယ်ဆိုရင် အတတ်နိုင်ဆုံး video call ခေါ်ပြီးမှ  ငွေလွှဲကြပါ” ဟု ဆိုသည်။  

ငွေလိမ်ပို့စ်များသည် Kpay, Wave Money, True Money ကဲ့သို့ Mobile Banking အကောင့်များသို့ တိုက်ရိုက်ငွေလွှဲရန် ဖိအားပေးတောင်ဆိုမှုမျိုးရှိသဖြင့်  အယုံမလွယ်ရန် အရေးကြီးကြောင်း အထက်ပါသတင်းအရင်းမြစ်က ဆက်ပြောသည်။  

အတုပအလှုုခံပို့စ်များကြောင့် ဆုံးရှံးသွားရသည့် ငွေကြေးပမာဏအပေါ်  တရားဝင်တိုင်ကြားမှုလုပ်ဆောင်နိုင်သော်လည်း ထောက်ခံစာနှင့် အခြားစာရွက်စားတမ်းများဖြင့် အဆင့်ဆင့်တင်ပြရသဖြင့် ငွေပမာဏမများသည့် အမှုများကို တိုင်ကြားရန် စိတ်မဝင်စားတော့ဘဲ လိမ်လည်သူများအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်လာစေသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

“တစ်ခါတစ်လေကျတော့လည်း Kay Pay မှာ တိုင်ကြားနိုင်ဖို့က ရဲစခန်းမှာ အမှုဖွင့်ပါအုံး၊ ထောက်ခံချက်တွေယူအုံး စာရွက်စာတမ်းအစုံအလင်ကို တောင်းခံနေရတော့ တော်ရုံတန်ရုံ ပိုက်ဆံ ၁ သိန်း ၂ သိန်းလောက်နဲ့ ဘယ်သူမှအလုပ်မရှုပ်ချင်ကြဘူး။ နေပါစေတော့ ငါ့ဝဋ်ကြွေးနဲ့ငါဆိုပြီးတရားနဲ့ဖြေလိုက်တော့ မတိုင်ကြားတဲ့အပေါ်မှာ လိမ်တဲ့အကောင်တွေက အခွင့်ကောင်းယူကြတာ။ ဒါပါပဲ” ဟု မော်လမြိုင်မြို့ခံတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မန္တလေးမြို့၌ ငလျင်လှုပ်ခတ်မှုဖြစ်စဉ်တွင်လည်း ယခုကဲ့သို့ အတုပအလှုုငွေတောင်းခံသည့်ပို့စ်များ ပျံ့နှံ့လာပြီး လိမ်လည်ခံရသူများလည်း များပြားခဲ့သည်။

ထို့ကြောင့် မိမိကိုယ်တိုင် လူမှုကွန်ရက်မီဒီယာပလက်ဖောင်းရှိ အကောင့်အတုများကို report လုပ်ပေးခြင်း၊ အများပြည်သူသိရှိရန် အချင်းချင်းမျှဝေသတိပေးခြင်းအားဖြင့် အကောင့်အတုများဖြင့် ငွေလိမ်မှုဖြစ်စဉ်များ လျော့နည်းရန် လုပ်ဆောင်နိုင်သည်ဟု ဒီဂျစ်တယ်အရေးလှုပ်ရှားနေသူများက တိုက်တွန်းထားသည်။

ဟရဟိတလုပ်ငန်းများအပြင် တော်လှန်ရေးတပ်၊ တော်လှန်ရေးရဲဘော်များ၏ လှုပ်ရှားမှုများကို အကာင့်အတုများတွင် ကူးယူဖော်ပြ၍လည်း ငွေကြေးအလှူခံ လိမ်လည်မှုများလုပ်ဆောင်နေသည်။

ပုံ-မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts