Homeသတင်းKNLA တပ်ရင်း (၁၂) က ဖမ်းထားသည့် PDF များ ပြန်လွတ်

KNLA တပ်ရင်း (၁၂) က ဖမ်းထားသည့် PDF များ ပြန်လွတ်

-

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က ဖမ်းဆီးထိန်းသိမ်းခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထားဝယ်ခရိုင် တပ်ရင်း(၂) မှ ရဲဘော်များအားလုံး ပြန်လွတ်လာပြီးဟု PDF အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၃) ဗျူဟာမှူး စောဒါးကိုက ယနေ့ ဒီဇင်ဘာနေ့ ၁၉ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း (T5) တပ်ရင်းမှူး မင်းသားကြီး၊ တနင်္သာရီတိုင် စစ်ဌာန ဒရုန်းတပ်ရင်း ဒု-တပ်ရင်းမှူး ဒိုရာအပါအဝင် တပ်ဖွဲ့ဝင်ပေါင်း ၄၀ ကျော်ကို မြိတ်-ထားဝယ်ခရိုင် အခြေစိုက် KNLA တပ်မဟာ (၄)၊ တပ်ရင်း-၁၂ လက်အောက်ခံရှိ တပ်ဖွဲ့များက ဒီဇင်ဘာလ ၁၇ ရက်နေ့က လက်နက်ခဲယမ်းနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံမှုအပေါ် နှစ်ဖက်တပ် တာဝန်ရှိသူတို့၏ သဘောထားကြီးကြီး ညှိနှိုင်းမှုဖြင့် ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် တပ်ဖွဲဝင်များအားလုံး လက်နက်နှင့်အတူ မိခင်တပ်ရင်းသို့ ပြန်ရောက်ရှိပြီဟု စောဒါးကိုက ဆိုထားသည်။

“Happy Karen New year နဲ့အတူ ဒီနေ့ ထားဝယ်ခရိုင်တပ်ရင်း ၂ ရဲဘော်များအားလုံး မိခင်တပ်ရင်းသို့ လက်နက်နဲ့အတူ ပြန်ရောက်ပါပြီ။ မြေပြင်မှာ ခက်ခဲနေကြတဲ့ ကျနော်တို့တော်လှန်ရေးညီအကိုတွေကို အရမ်းဖိအားမပေးကြပါနဲ့ ကျနော်တို့ကသာ အသိဆုံးပါ အပြစ်ရှိတဲ့သူကိုလည်း စစ်စည်းကမ်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်” ဟု စောဒါးကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး နှစ်ဘက်တပ်ဖွဲ့တို့က အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အောက်ခြေတပ်ဖွဲ့ဝင် အချင်းချင်းများကြား နားလည်မှုလွဲရာမှ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts