Homeသတင်းမိုစပါးရိတ်သိမ်းချိန်တွင် စပါးပင်များနစ်မြုပ်ပြီး ရိတ်သိမ်းရန်ခက်ခဲနေ

မိုစပါးရိတ်သိမ်းချိန်တွင် စပါးပင်များနစ်မြုပ်ပြီး ရိတ်သိမ်းရန်ခက်ခဲနေ

-

မွန်ပြည်နယ်တွင် မိုးစပါးစိုက်ပျိုးထားသည့်လယ်ဧကအတွင်းရှိ စပါးပင်များရေကြီးနစ်မြုပ်မှုဖြစ်နေပြီး ရိတ်သိမ်းချိန်ရောက်သော်လည်း တောင်သူများ ရိတ်သိမ်းရန် အခက်ခဲရှိနေကြောင်း သိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့မှစ၍ ယမန်နေ့အထိ  မုန်တိုင်းအရှိန်ကြောင့် မွန်ပြည်နယ်နေရာအနှံ့ မိုးသည်ထန်းရွာသွန်းနေပြီး သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ပေါင် စသည့် မြို့နယ်အသီးသီးမှ လယ်ဧကထောင်နှင့်ချီ ရေနစ်မြုပ်နေသည်ဟု တောင်သူများက ဆိုသည်။

လက်ရှိတွင် ကျိုက်မရောမြို့နယ်ရှိ လယ်ဧကများအတွင်း ခြွေယူရိတ်သိမ်းရမည့်စပါးပင်များ အနက်ရောင်သန်းလာပြီး ပုပ်သိုးဆွေးမြေ့မှုများ ဖြစ်နေကြောင်း သိရသည်။

ပုံ- မိုးစပါးစိုက်ပျိုးထားသည့် လယ်ဧကများတွေ့ရစဥ်

“အခုက မိုးကရွာထားတာများတော့ အပင်တွေကစိုနေ၊ ပျက်နေတဲ့ ဒုက္ခတွေနဲ့တွေ့ရတယ်။ အရင်နှစ်တွေကဆို ၉ လပိုင်းကုန် ၁၀ လပိုင်းလောက်ဆို ရိတ်သိမ်းနေကြပြီး။ ဒီနှစ်ကပဲ နောက်ကျလာတယ်၊ ရေကြီးတာတွေကြုံရတာနဲ့ စပါးစိုက်တာ ရိတ်သိမ်းတာနောက်ကျတယ်” ဟု ကျိုက်မရောဒေသခံ တောင်သူအမျိုးသားတစ်ဦးက ပြောသည်။  

ယင်းဒေသများတွင် ရာသီဥတုနှင့်ဖျက်ပိုးကြောင့် စပါးပျက်စီးမှုများရှိနေသည့်အပြင် နယ်မြေမတည်ငြိမ်မှုကြောင့် လယ်ကွင်းသို့ သွားရောက်ရန် အခက်ခဲရှိနေကြောင်းလည်း ထိုသူက ဆက်ဆိုသည်။

စပါးဈေးကွက်မှအချက်အလက်ရ အနိမ့်တန်း စပါးဈေးတင်း ၁၀၀ လျှင် ၁၀ သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိပြီး၊ အမြင့်တန်း စပါးဈေးတင်း ၁၀၀ လျှင် ၂၂ သိန်းအထက် ပေါက်ဈေးရှိနေကြောင်း သိရသည်။

စပါးဈေးကောင်းရရှိနေချိန် အချိန်မှီ မရိတ်သိမ်းမနိုင်မည်ကို တောင်သူများ စိုးရိမ်နေကြသည်။  

“ ရိတ်သိမ်းဖို့က အဆင်မပြေနေဘူး။ မိုးကနေ့တိုင်းရွာနေတယ်၊ ဒီနေ့လည်း ရွာနေတုန်းပဲ ဧက ၅၀ လောက်က ရေဝင်နေတယ်။ ၁၀ ဧကလောက်ပဲ ရေမဝင်ပဲ ကျန်နေတယ်။ မိုးသာမရွာဘူးဆို ရိတ်သိမ်းလို့ရနေပြီး။ ဒီဓာတ်မြေဩဇာခတွေ၊ ပိုးသတ်ဆေးခတွေ၊ အလုပ်သမားခတွေနဲ့ အရင်းမရမှာ စိတ်ပူရတယ်”ဟု အမျိုးသမီးတောင်သူတစ်ဦးက ပြောသည်။

လက်ရှိစပါးပေါ်ချိန်တွင် စပါးဈေအတက်အကျမြန်နေပြီး အရောင်းအဝယ်အေးနေကြောင်းနှင့် ရောင်းမှားဝယ်မှားမဖြစ်ရန်လည်း စပါးကုန်သည်များက တိုက်တွန်းလျှက်ရှိသည်။

မိုးလေဝဿနှင့် ဇလဗေဒမှ ယနေ့နံနက် ၅ နာရီတွင် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း "ခန့်မေဂီ"ကြောင့် မွန်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ယခုလာမည့် နိုဝင်ဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ မိုးဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။

မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်သဖြင့် မွန်ပြည်နယ်အတွင်း ရာသီအလိုက်လုပ်ငန်းများဖြစ်သော ဆားလုပ်ငန်း၊ ရာဘာလုပ်ငန်းနှင့် စပါးလုပ်ငန်းများ လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts