Homeသတင်းပြည်တွင်း ပို့ဆောင်ရေးလုပ်ငန်း(Delivery) ကုမ္ပဏီများမှတစ်ဆင့် ပို့ဆောင်မည့်ပစ္စည်းအမျိုးအစားနှင့် နေရာအချို့ကိုတားမြစ်

ပြည်တွင်း ပို့ဆောင်ရေးလုပ်ငန်း(Delivery) ကုမ္ပဏီများမှတစ်ဆင့် ပို့ဆောင်မည့်ပစ္စည်းအမျိုးအစားနှင့် နေရာအချို့ကိုတားမြစ်

-

ပြည်တွင်း ပို့ဆောင်ရေးလုပ်ငန်း(Delivery) ကုမ္ပဏီများမှတစ်ဆင့် ပို့ဆောင်မည့်ကုန်ပစ္စည်းအမျိုးအစားနှင့် ပို့ဆောင်မည့်နေရာဒေသအချို့ကို တားမြစ်ကန့်သတ်မှုများလုပ်ဆောင်ထားသည်ဟု ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများ၏ အသိပေးကြေညာချက်များအရ သိရသည်။

မွန်နှင့်ကရင်ပြည်နယ်အပါအဝင် နေပြည်တော်၊ ပဲခူး၊ စစ်ကိုင်း၊ တနင်္သာရီ စသည့်တိုင်းဒေသကြီးများအတွင်းသို့ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းများပို့ဆောင်ရာတွင်  ပို့ဆောင်သူနှင့် ပစ္စည်းလက်ခံသူများ၏ ကုမ္ပဏီလိုင်စင်၊ ဆိုင်လိုင်စင်နှင့် ထောက်ခံစာရှိမှပို့ဆောင်နိုင်ဖြစ်ပြီး သတ်မှတ်ထားသည့် အလေးချိန် ပမာဏအတိုင်းသာ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ယမန်နေ့တွင် ပို့ဆောင်ရေးလုပ်ငန်း(Delivery) ကုမ္ပဏီအချို့မှ အသိပေးကြေညာထားသည်။

ပို့ဆောင်ရေးကုမ္ပဏီများ၏ စာရင်းအရ လက်ကားပစ္စည်းအမြောက်အများပို့ဆောင်ခြင်းကို မပြုလုပ်ကြရန်၊ အမည်တူ၊လိပ်စာတူဖြင့် အထုပ်ခွဲပို့ခြင်းနှင့် မြို့နယ်အလိုက်ကန့်သတ်သည့် ပစ္စည်များကို ပို့ဆောင်ခြင်းလုံးဝမပြုလုပ်ရန်လည်း ဆိုထားသည်။

ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်မှ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအပေါ် အတင်းအကြပ် ကန့်သတ်နေခြင်းသည် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေသူများအတွက် အခက်ကြုံလာရသည်ဟု online အလှကုန်ပစ္စည်းရောင်းချနေသူတစ်ဦးက IMNA ကို ပြောသည်။

“အခုက ဈေးသည်တော်တော်များများက ဒုက္ခရောက်ကုန်ပြီး ဟိုနေရာလဲပို့မရ ဒီနေရာလဲပို့မရ ပို့ရတော့လဲ ပို့ချင်တဲ့အလေးချိန်အတိုင်းပို့လို့မရပြန် နောက်ပြီးတော့ ထိုင်းကနေပစ္စည်းတွေမှာထားတာလဲ မြန်မာပြည်ကို သွင်းမရနေဘူး စောင့်ကြည့်နေရတာ အခက်အခဲတွေကြီးပဲ ဒီတိုင်းပဲဆက်ဖြစ်နေရင်း ဘယ်လိုမှ ဆက်ရောင်းလို့မရတော့ဘူး ရပ်နားရမဲ့ခြေနေအထိ ဖြစ်လာနိုင်တယ်” ဟု online အရောင်းအဝယ်လုပ်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ယမန်နေ့မှစ၍ အဝေးပြေးကားဂိတ်များအတွင်း အဆိုပါသတ်မှတ်ချက်များအတိုင်းသာ ပစ္စည်းများကိုလက်ခံပို့ဆောင်နေသည့်အပြင် ကန့်သတ်ထားသည့် မြို့အချို့ကိုလည်း ပို့ဆောင်၍ မရတော့တော့ကြောင်း (Delivery) အသုံးပြုနေသူများမှ သိရသည်။

လက်ရှိဝန်ဆောင်မှုလုပ်ငန်း ကန့်သတ်ခံထားရသည့် ကုမ္ပဏီများသည် ပြည်တွင်းဒေသအနှံ့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေသည့် Royal Express ၊Wepozt Delivery နှင့် Ninja Van ကုမ္ပဏီများ ပါဝင်ကြောင်လည်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းတွင်လည်း စစ်ကောင်စီမှ ဆေးဝါးအပါအဝင် လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်မှ ကုန်တင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် မွန်ပြည်နယ်အတွင်း ကုန်ပစ္စည်းအချို့ပြတ်လပ်နေသည့်အပြင် ကုန်ဈေးနှုန်းများလည်း ထိုးတက်လာနေသည်။

ယခင်ကိုဗစ်ကာလပထမလှိုင်း စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ အွန်လိုင်းဈေးဝယ်ချင်းကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာသည့်နောက် အိမ်အရောက်ဝန်ဆောင်မှုပေးနေသည့် ပို့ဆောင်ရေးလုပ်ငန်းများကိုလည်း အများစု အသုံးပြုလာကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts