spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းအဘစ်ဂိတ်စစ်ဆေးရေးဂိတ်တွင် မွန်မှတ်ပုံတင်ကိုင်ဆောင်သည့် ခရီးသည်များသာ ဖြတ်သန်းခွင့်ရှိ

    အဘစ်ဂိတ်စစ်ဆေးရေးဂိတ်တွင် မွန်မှတ်ပုံတင်ကိုင်ဆောင်သည့် ခရီးသည်များသာ ဖြတ်သန်းခွင့်ရှိ

    -

    မွန်နှင့်ကရင်ပြည်နယ်ကိုဆက်သွယ်ထားပြီး၊ ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူဒေဘက်သို့သွားလာနိုင်သည့် အဘစ်စစ်ဆေးရေးဂိတ်တွင် ၁၀ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူများ ငွေတစ်သောင်းကျပ် ပေးဆောင်ပြီး ဖြတ်သန်းခွင့်ရရှိနေကြောင်း ခရီးသွားလာသူများထံမှ သိရသည်။

    သြဂုတ်လဆန်းပိုင်းမှစပြီး အဘစ်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီအဖွဲ့တို့ လုံခြုံရေးအင်အား ဖြည့်ထားပြီး ထိုင်း-ဘုရားသုံးဆူသို့သွားလာမည့်ခရီးသည်များကို သွားလာခွင့်လုံးဝပိတ်ထားသည့်အပြင် ဒေသတွင်းနေထိုင်သူများကို သွားလာခွင့်တင်းကြပ်ထားသည်။

    လက်ရှိတွင် ၁၀ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်ထားသည့်ခရီးသည်များသာ ဖြတ်သန်းခွင့်ရှိလာကြောင်း၊ ငွေတစ်သောင်းကျပ် မဖြစ်မနေ ပေးဆောင်ရမည်ဖြစ်ကြောင်း မုဒုံ-ဘုရားသုံးဆူယာဉ်မောင်းတစ်ဦးက ဆိုသည်။

    “ ဖြတ်လို့တော့ရပြီး ၁၀ မျဉ်းစောင်းဆိုရင် ဂိတ်ကြေး တစ်ယောက်တစ်သောင်းပေါ့နော်၊ ပစ္စည်းတွေကတော့ နည်းနည်းပဲပေးသွားသေးတယ်။ အထက်ဘက်က လူတွေကိုတော့ လုံးဝမရသေးဘူးလို့ကြားတယ်။ ၁၀ မျဉ်းစောင်းကတော့ဖြတ်လို့ရတယ်လို့ပြောတယ်"ဟု ဆိုသည်။

    အဘစ်စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီအဖွဲ့တို့  နေ့စဉ်လူအပြောင်းအလဲလုပ်နေသဖြင့် ပေးဆောင်ရသည့် ငွေကြေးပမာဏအပြင် စစ်ဆေးခံနေရသည့် အခြေအနေများလည်း တစ်ရက်နှင့်တစ်ရက် မတူညီခြင်းကြောင့် အခက်ကြုံလာရကြောင်း ယာဉ်မောင်းများက ဆိုသည်။

    မွန်ပြည်နယ်ဒေသခံမဟုတ်သည့် ခရီးသည်များပို၍စစ်ဆေးခံရသည့်အပြင် ဖမ်းဆီးမှုလုပ်ဆောင်နေသည့်အတွက် ၎င်းတို့ချိတ်ဆက်ထားသည့်ပွဲစားများအပေါ် မူတည်၍သာ သွားလာနိုင်သည်ဟု သိရသည်။

    ဘုရားသုံးဆူသို့ ခရီးသွားလာသူများကို ယာဉ်မောင်းများက လမ်းလွှဲသို့ ဆိုင်ကယ်ကယ်ရီဖြစ်လည်းကောင်း၊ လမ်းလျှောက်၍လည်းကောင်း သွားလာနေကြရပြီး ခရီးသွားလာသူ အနည်းငယ်လျော့လာသည်ဟုလည်း ပွဲစားနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “ အခုကသူတို့ရဲ့အဘစ်ဂိတ်မှာ မပေးဖြတ်ဘူးဆိုတဲ့ကိစ္စကြောင့်နဲ့ ဘုရားသုံးဆူခရီးသည်တွေလည်းနည်းလာတယ်၊ ပွဲစားတွေလည်း အဲ့ဂိတ်စရိတ်ပိုနေလည်း အရင်လိုမျိုးပွဲစားခ များများမတောင်းရဲပါဘူး အရင်ကထိုင်းကိုဝင်ဖို့ ပွဲစားခတွေအကုန် ၁၈၀၀၀ ဘတ်ကနေ အခု ၁၅၀၀၀ အဲ့လောက်ပဲ တောင်းပါတယ်” ဟု ပြောသည်။

    အဘစ်စစ်ဆေးရေးဂိတ်သည် မုဒုံ – ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူလမ်းပိုင်းတွင်တည်ရှိပြီး၊ ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်သူများ အဓိကသွားလာအသုံးပြုနေသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။

    မွန်ဒေသခံများအပြင် အခြားသောတိုင်းနှင့်ပြည်နယ်မှဒေသခံများလည်း ယင်းလမ်းကြောင်းများမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးခိုလှုံသူများနေသဖြင့် စစ်ကောင်စီမှ ကန့်သတ်လိုခြင်းဖြစ်သည်ဟု အခြားယာဉ်မောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts